မျိုးချစ်စိတ် စစ်မှုထမ်းခြင်းနှင့် တပ်မတော်

 

မျိုးချစ်စိတ် စစ်မှုထမ်းခြင်းနှင့် တပ်မတော်

 

    မြန်မာတို့သည် သတ္တိရှိသည်၊ ဇွဲနပဲကြီးသည်။ စိတ်ရှည်သည်းခံသည်၊ ခွင့်လွှတ်တတ်သည်။ စိတ်ဆိုးလျှင်ခဏသာဖြစ်သည်။ ကျေအေးလွယ်သည်။ အငြိုးကြီးသူများမဟုတ်။ အာဃာတကြီးသူများ မဟုတ်။ ကလဲ့စားချေတတ်သူများ မဟုတ်။ သို့သော်လည်း မြန်မာတို့သည် အမျိုးကို ကာကွယ်စောင့်ရှောက် ချစ်တတ်သူများသာဖြစ်သည်။ သူ့ကျွန်ဘဝ ရောက်ခဲ့စဉ်က မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မှေးမှိန်အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့သော်လည်း မြန်မာတို့၏ ခိုင်မာသောမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကြံ့ခိုင်မှုကြောင့် သူ့ကျွန်ဘဝက လွတ်မြောက်နိုင်ခဲ့သည်။

သမိုင်းအစ အနော်ရထာ၊ ဘုရင့်နောင်၊  အလောင်းဘုရား၊ ဆင်ဖြူရှင်တို့လက်ထက်ကပင် မျိုးချစ်စိတ်ကို အခြေခံ၍ ကာကွယ်ရေးအင်အားကို ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့၍ ခေတ်ပြိုင်နိုင်ငံများက လေးစားခြင်းခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပါဝင်သောရဲဘော်သုံးကျိပ်ကစ၍ သန္ဓေတည် ပေါက်ဖွားလာသော တပ်မတော်သည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ-၁၉၄၁)၊ ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ-၁၉၄၂)၊ ဗမာ့တပ်မတော်(ဘီအင်န်အေ-၁၉၄၃)၊   မျိုးချစ်ဗမာ့ တပ်မတော်(PBF-၁၉၄၅)အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

“ကမ္ဘာပေါ်တွင်  စစ်စိတ်စစ်သွေး မြင့်မားထက်သန်သော လူမျိုးများမှာ အနည်းငယ်သာရှိရာ မြန်မာတိုင်းရင်းသားတို့သည် ရှေ့တန်းမှ ပါဝင်သည်”ဟူသော စကားနှင့်အညီ မြန်မာတို့သည် တိုက်ရည်ခိုက်ရည် ပြည့်ဝ၍    ရဲစွမ်းသတ္တိရှိသည့်  ဘိုးဘေးဘီဘင်မှ ဆင်းသက်လာသော တပ်မတော်သားကောင်းများ ဖြစ်ခဲ့ကြသည်။

တိုင်းပြည်ရန်စွယ် အန္တရာယ်အမျိုးမျိုး ကာကွယ်ရေးကို ဆောင်ရွက်ခဲ့သည်နှင့်အညီ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းရောင်စုံ သောင်းကျန်းသူများနှင့် ပြည်ပကျူးကျော်သူ တရုတ်ဖြူများ၏ အန္တရာယ်ကို ပြည်သူ့ဘက်မှ အသက်ပေး ကာကွယ်ခဲ့သည်။

ဆင်းရဲပင်ပန်းသည့်ကြားက စစ်ပညာကို အပတ်တကုတ် ကြိုးစားသင်ယူ အသက်သွေးချွေးမြောက်မြားစွာ  ရင်းနှီးပေးဆပ်ပြီး   ပြည်သူနှင့်ပူးပေါင်း တိုက်ခိုက်ရာတွင်  တပ်မတော်၏ စွမ်းဆောင်မှုများ ပြောင်မြောက်သည်နှင့်အမျှ အောင်မြင်မှုများရရှိခဲ့ပြီး တပ်မတော်သည် နိုင်ငံတော်အပေါ် သစ္စာခံခြင်း အစဉ်အလာကောင်းများကို ထိန်းသိမ်းနိုင်ခဲ့သည်။

နိုင်ငံကြီးအချို့သည် ဘက်စုံစစ်ပွဲအသွင်ဖြင့် Soft Power  နှင့် Hard Power များကို အသုံးပြု၍ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်များအပေါ် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နိုင်ရေး နည်းမျိုးစုံသုံးပြီး ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံတော်အပေါ် ကျရောက်လာမည့် ဘေးရန်မှန်သမျှ  အရေးကြုံတိုင်း လက်ပိုက်ကြည့်မနေဘဲ ရှေ့တန်းက ကာကွယ်ပေးမြဲဖြစ်ရာ အမိပြည်ထောင်စု၏ အနာဂတ်ကောင်းကျိုး၊ ဆိုးကျိုးအလားအလာသည် နိုင်ငံသားအားလုံး၏ တိုင်းချစ်ပြည်ချစ်စိတ် ခိုင်မာခြင်း မျိုးရိုးစဉ်ဆက် စစ်သွေးစစ်မာန် ထက်သန်သူများ အစဉ်အလာကိုထိန်းသိမ်းရန်နှင့် အချိန်မရွေးကျရောက်နိုင်သော ပြည်တွင်းပြည်ပ အန္တရာယ်များကို ကာကွယ်ရန်အတွက်    ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဋ္ဌာန်းလျက် ခိုင်မာအားကောင်းသော ကာကွယ်ရေး အရန်တပ်ဖွဲ့ကြီးပေါ်ပေါက်ဖို့   ရည်ရွယ်ဖော်ဆောင်လျက်ရှိသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက အတည်ပြုပြီးသော ဥပဒေကို နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက် စသောလုပ်ငန်း စဉ်များဖြင့် ရှိပြီးသားဥပဒေကို အသက်ဝင်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ နှစ်နှစ်၊ သုံးနှစ်စစ်မှုထမ်းခြင်းဖြင့်  တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်သည် နိုင်ငံသားတစ်ဦး၏ မွေးရာပါတာဝန်ဖြစ်ပြီး အဖျက်လုပ်ငန်း ဆောင်ရွက်ခြင်းကို တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူတို့ ပူးပေါင်းလက်တွဲ၍ ပြည်သူ့လုံခြုံရေးစနစ် ပြည်သူကာကွယ်ရေး စနစ်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဆိုသည်မှာ ရပ်ကွက်/ကျေးရွာများတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ထိ(အမျိုးသား)၊ အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ(အမျိုးသမီး) စာရင်းကောက်ယူလျက်ရှိသည်။  စာရင်းကောက်ထားသူ အားလုံး  ချက်ချင်း စစ်မှုထမ်းရမည် မဟုတ်ပါ။

လက်ရှိတွင် အမျိုးသမီးများ၊ ပညာသင်ကြားနေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေအရ ကင်းလွတ်ခွင့်ရသူများအား မခေါ်သေးပါ။  မြို့နယ်အလိုက်၊ လူဦးရေအချိုးအလိုက် အရေအတွက်သတ်မှတ်ကာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးပါမည်။  ဆေးစစ်ရန် ဆင့်ခေါ်ပါမည်။ ယာယီဆေးကုသရမည့် သူများအား  ယာယီကင်းလွတ်ခွင့်ပေးပါမည်။  အမြဲတမ်းဆေးအဆင့်မမီသူများ ကင်းလွတ်ခွင့်ရပါမည်။ ဆေးအောင်ပြီးပါက   ဗဟိုက စစ်မှုထမ်းရန် ဆင့်ခေါ်စာ အိမ်ထိပို့ပေးပါမည်။ သတ်မှတ်ထားသည့် သင်တန်းကျောင်း

တွင် သတင်းပို့ သင်တန်းတက်ရပါမည်။ သင်တန်းပြီးမြောက်ပါက တပ်များတွင် တာဝန်ချထားပါမည်။ လစာ/စရိတ်များ ရရှိပါမည်။   ခွင့်တစ်နှစ်လျှင် ၁၀  ရက်ရပါမည်။  သင်တန်းစဖွင့်သည့်နေ့မှ ၂၄  လ  တာဝန်ထမ်းဆောင်ရပါမည်။ တာဝန်ထမ်းဆောင်ပြီး

ကြောင်း လက်မှတ်ထုတ်ပေးပါမည်။ ပြည်သူ့စစ်မှုထမ်းတံဆိပ်  နိုင်ငံတော်က  ချီးမြှင့်ပါမည်။

ကမ္ဘာ့နိုင်ငံများတွင် စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလျက် နိုင်ငံကာကွယ်ရေး တာဝန်ထမ်းဆောင်နေသူများလည်း ရှိသည့်အလျောက် စစ်မှုထမ်းခြင်းဖြင့် ပြည်ထောင်စုသားများ စည်းလုံးညီညွတ်ပြီး တပ်မတော်၏မူဝါဒ၊ ရပ်တည်ချက်များကိုနားလည်၍ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ကောင်းမွန်လာမည်ဖြစ်သည်။ မိမိကျွမ်းကျင်သည့် အလျောက် နိုင်ငံအပေါ် ကျေးဇူးဆပ်ခွင့်ရမည်။ စစ်အတတ်ပညာ၊ စစ်မှုထမ်းခြင်းကရရှိသော ရုပ်ပိုင်းနှင့်စိတ်ပိုင်း ကြံ့ခိုင်လာခြင်း၊ အရပ်သားဘဝမှာ မရနိုင်သော အတွေ့အကြုံများရရှိခြင်း၊ အနာဂတ် တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် နိုင်ငံသားကောင်းများ ဘဝရရှိခြင်း၊  စစ်မှုထမ်း အတွေ့အကြုံရရှိပြီး အချိန်မရွေး စစ်တိုက်နိုင်ခြင်း၊ စည်းကမ်းလိုက်နာမှု၊ တိကျသေချာမှု၊ အမိန့်နာခံတတ်မှုနှင့် အများနှင့်ယှဉ်တွဲ နေထိုင်တတ်ခြင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပြည့်ဝသူများ ဖြစ်စေခြင်းဖြင့် နိုင်ငံသားတာဝန် ကျေသူများဖြစ်လာကြမည်။

ဖြစ်ပေါ်နေသော ကောလာဟလများကို မယုံကြည်ဘဲနိုင်ငံတော်ကို ကာကွယ်သည့်  စွမ်းအားဖြစ်လာရုံမျှမက စစ်မှုထမ်းဖူးသူ၏ ယုံကြည်ချက်ပြည့်ဝမှု၊ မိမိနားလည်သည့် အလျောက် စစ်မှုထမ်းရန် ဆန္ဒရှိသူ၊တိုင်းပြည်၏ လိုအပ်ချက်အရ  ပူးပေါင်းပါဝင်မှုနှင့် နိုင်ငံတည်ငြိမ်အေးချမ်းဖို့နှင့် ပြည်တွင်းပြည်ပ စစ်ပွဲများကို ဟန့်တားနိုင်ဖို့ရန် ပြည်သူ့လုံခြုံရေး စနစ်တွင် အားလုံးပါဝင်ကြလျက် တပ်နှင့်ပြည်သူကြား အထင်အမြင်လွဲမှားမှုများ လျော့နည်းလာပြီး စည်းလုံးညီညွတ်ရေးကို ဖြစ်ပေါ်စေမည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

“တပ်မတော်နဲ့ပြည်သူအကြားမှာ စည်းလုံးညီညွတ်မှု ခိုင်မာမှသာလျှင် တိုင်းပြည်ကာကွယ်ရေး လုပ်ငန်းတွေကို စွမ်းအားပြည့် ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက်ရဲဘော်တို့အနေနဲ့ တပ်ပြင်စည်းရုံးရေး လုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်သွားကြဖို့ မှာကြားလိုတယ်။ တပ်မတော်သားတွေ အနေနဲ့ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာမှာ စစ်သည်တော်ကျင့်ဝတ်နဲ့ အညီ နေထိုင်ကျင့်ကြံပြီး တာဝန်ကျရာ နယ်မြေဒေသ အသီးသီးမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စိတ်ရင်းစေတနာမှန်နဲ့ ဆောင်ရွက်ပေးကြရမှာပဲ ဖြစ်တယ်”ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ     သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်တွင် ကျင်းပသော (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်းပြောကြားသည်။

အင်အားကြီးနိုင်ငံနှစ်နိုင်ငံအကြားတွင်   ပထဝီအနေအထားအရ တည်ရှိလျက် မဟာဗျူဟာမြောက် အချက်အချာကျသော နိုင်ငံအနေဖြင့်   အစဉ်သတိရှိလျက် ကျွန်ဘဝသို့ ပြန်လည် မကျရောက်စေရေး တပ်မတော်နှင့်ပြည်သူ ညီညွတ်လျက် အမိမြေလုံခြုံရေးကာကွယ်စောင့်ရှောက်ရေးသည် အထူးအရေးကြီးသည့်အလျောက် ပြည်တွင်းစည်းလုံးမှု ပျက်ပြားစေမည့် ကိစ္စရပ်များကိုရှောင်ရှားလျက် ပြည်ပအန္တရာယ်

များ အချိန်မရွေး ကျရောက်နိုင်သည်ကို မမေ့လျော့ရန် လိုအပ်သည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းခြင်းသည် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်ခြင်းပင်ဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်၊ အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ဖြင့်   အကောင်အထည်ဖော်လျက်ရှိရာ   နိုင်ငံအနာဂတ်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်နိုင်ရန် လူငယ်များ၏ ကြိုးစားအားထုတ်မှုကို အခြေခံလျက် မိမိကိုယ်တိုင်နှင့် မိမိမိသားစု၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် နိုင်ငံတော်အဆင့်အထိ ကာကွယ်ရေး အင်အားစုများကို လေ့ကျင့်ပျိုးထောင်ပေးမည်ဖြစ်သည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းစဉ်များတွင် လည်းကောင်း၊ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် မျိုးချစ်တပ်မတော် တည်ဆောက်ရာတွင် လည်းကောင်း  လေ့လာ၊ လေ့ကျင့်၊  လိုက်နာဆိုသည့် တပ်မတော်၏ လုပ်ငန်းစဉ်များနှင့်အညီ စွမ်းရည်သုံးရပ်     တိုးတက်မြင့်မားအောင်     အစဉ်တစိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုကြီး  ပေါ်ထွန်းလာစေရေးအတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန်လည်း ဦးတည်ချက်ထားရှိသည်။

အချုပ်ဆိုရပါလျှင်    တပ်မတော်သည် မိမိ၏ အမျိုးသားရေး မူဝါဒအဖြစ် ဒို့တာဝန်အရေး သုံးပါးကို အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ရာ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တာဝန်သိစွာ ပါဝင်ထမ်းရွက်ခြင်းဖြင့်  တပ်မတော်နှင့် ပြည်သူလက်တွဲလျက် ပြည်ထောင်စုမြန်မာနိုင်ငံ တည်တံ့ရေးအလေးပေး ဆောင်ရွက်သွားရန်  အမျိုးသားအကျိုးစီးပွားအတွက် တိုက်တွန်းနှိုးဆော်ရင်း ၂၀၂၄ ခုနှစ် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုအပ်ပါသည်။  ။

ခင်ပြည်ချစ်