အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်သို့လှူဒါန်းသော Aarogya Maitri Cubes ၂ စုံ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ

 

အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်သို့လှူဒါန်းသော Aarogya Maitri Cubes ၂ စုံ လွှဲပြောင်းလက်ခံပွဲ အခမ်းအနားကျင်းပ

 

 နေပြည်တော်၊ ၂၀၂၄မတ် - ၂၉

အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်သို့လှူဒါန်းသော Aarogya Maitri Cubes ၂ စုံ လွှဲပြောင်းလက်ခံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အဆောင်အမှတ်(၄၀)ခန်းမ၌ပြုလုပ်သည်။

အခမ်းအနားသို့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီး HE Mr. Vinay Kumar နှင့် အဖွဲ့ဝင်များ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ ဒုတိယဆေးဝန်ထမ်းညွှန်ကြားရေးမှူး၊ တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ်အောင်မြတ်‌ကျော်နှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော်အရာရှိကြီးများ၊ ပါရဂူ/ဆေးမှူးများ၊ သူနာပြု/ကျွမ်းကျင်သူများနှင့် ကျန်းမာ ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ Aarogya Maitri Cubes ဆိုင်ရာအချက်အလက်များအား Video ဖြင့် ပြသသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး HE Mr. Vinay Kumar က Aarogya Maitri Cubes များ လှူဒါန်းရသည့်ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး HE Mr. Vinay Kumar က Aarogya Maitri Cubes ၂ စုံအတွက် သက်ဆိုင်ရာစာရွက်စာတမ်းများ၊  ဆေးနှင့် ဆေးပစ္စည်း များကိုလွှဲပြောင်းပေးအပ်ရာ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရလက်ဆောင်များ ပြန်လည် ပေးအပ်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယ သမ္မတနိုင်ငံသံအမတ်ကြီး HE Mr. Vinay Kumar နှင့်အဖွဲ့ဝင်များက ခင်းကျင်းပြသထား သည့် Aarogya Maitri Cubes ဆေးနှင့်ဆေးပစ္စည်းများနှင့် သရုပ်ပြဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

Aarogya Maitri Cubes သည် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ် လာသောထိခိုက်မှုများ (Natural Disaster)၊ လူသားတို့၏တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ် လာသော ထိခိုက်မှုများ (Humantarian Crisis)တွင် အရေးပေါ်အသုံးပြုရန် အတွက် လိုအပ်သောဆေးပစ္စည်းများအား အကူအညီလိုအပ်သောနေရာများသို့ အမြန်ဆုံးပို့ဆောင် နိုင်ရန်ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပေးပို့လှူဒါန်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ‘Aarogya’ မှာ ‘အာရောဂျံ’ ကျန်းမာရေးဟု အဓိပ္ပာယ်ရပြီး ‘Maitri’ မှာ ‘မိတ္တ’ မိတ်ဆွေဟု အဓိပ္ပာယ်ရသည့်အတွက် မိတ်ဆွေနိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ထုတ်လုပ်သော ပစ္စည်းဟု အဓိပ္ပာယ်ရကြောင်း၊ Aarogya Maitri Cubes တစ်စုံတွင် ပုံးငယ် ၇၂ ပုံး ပါဝင်ပြီး ခွဲစိတ်ခန်းငယ်တစ်ခု၊ အထူးကြပ်မတ်ကုသခန်းငယ်တစ်ခု၊ ပြင်ပလူနာဌာန တစ်ခု၊ ဓာတ်ခွဲခန်းငယ်တစ်ခု၊ ဓာတ်မှန်ဆိုင်ရာစက်ပစ္စည်းများ၊ ခွဲစိတ်ခန်းသုံးကိရိယာများ၊ ရောဂါရှာဖွေသည့် Test Kit များ၊ ထမ်းစင်များ၊ မီးစက်များ စသည်ဖြင့် အပြည့်အစုံပါဝင် ကြောင်း၊ ပါဝင်သောပစ္စည်းများမှာ အိန္ဒိယနိုင်ငံထုတ်ပစ္စည်းများဖြစ်ပြီး ဆန်းသစ်သည့် စိတ်ကူး စိတ်သန်းများဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည့်အတွက် မိမိတို့နိုင်ငံနှင့်  တပ်မတော်အတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ အိန္ဒိယသမ္မတနိုင်ငံမှ မြန်မာ့တပ်မတော်အတွက် Aarogya Maitri Cubes ၂ စုံအား ယခုကဲ့သို့ လာရောက် လှူဒါန်းခြင်းဖြင့် အိန္ဒိယသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအချင်းချင်းအကြား၊ ပြည်သူများ အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှုများ ယခုထက်ပိုမိုခိုင်မာ၍ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။