(၇၉)နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ပိုစတာကြီးများစိုက်ထူထားပြီး တပ်မတော်ပန်းခြံများတွင် မီးအလှများ၊ ပန်းအလှများဖြင့် အလှဆင်

 

(၇၉)နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် ပိုစတာကြီးများစိုက်ထူထားပြီး တပ်မတော်ပန်းခြံများတွင် မီးအလှများ၊ ပန်းအလှများဖြင့် အလှဆင်

 

နေပြည်တော်၊  ၂၀၂၄ မတ်   ၂၉

      ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ   ပင်လောင်းမီးပွိုင့် လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌  မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထား သော ပိုစတာကြီးများကို စိုက်ထူ ထားရှိသည်။

     အလားတူ ပင်လောင်းလမ်းဆုံမှ စစ်ရေးပြကွင်းကြီးသို့ သွားရောက်သည့်လမ်း တစ်လျှောက်တွင်လည်း တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာ ဖြင့် စိုက်ထူထားပြီး စစ်ရေးပြကွင်းအဝင်ဝရှိ မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။

      စစ်ကြောင်းကြီးများ ချီတက်ရာလမ်းကြောင်းတစ်လျှောက်၌ စစ်ကြောင်းများ၏ ကိုယ်စားပြုအရောင်အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ Lighting Pole များဖြင့်လည်းကောင်း၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LED Strip Light များ လမ်းဘေးဝဲယာတစ်လျှောက်၌ မိုးစက်မီးများ၊ Up Light များ၊ Program LED Strip Light များ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော် ၍လည်းကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံ စင်မြင့်မျက်နှာမူရာရှိ သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့်လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံပုံဖော်ထားသည့် ကြယ်တံဆိပ် နှစ်ခုအား LED Strip Light များဖြင့်လည်းကောင်း၊   အသီးသီးပုံဖော် အလှဆင် ထားသည်ကို ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်မည်ဖြစ်သည်။

    ထို့အပြင် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် နေပြည်တော်စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံတွင်လည်း မီးအလှ များဖြင့် ဖန်တီးပုံဖော်ထားသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် (၇၉) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ များတွင် အသုံးပြုသည့် ယာဉ်ယန္တရားပုံစံငယ်များ၊ ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံ ငယ်များ၊ ရဟတ်ယာဉ်ပုံစံငယ်များကို ပြသထားသည်။ ပန်းခြံအတွင်း ဖိုင်ဘာဖြင့် ပြုလုပ်ထားသည် စစ်သည်ရုပ်တုငယ်များ၊ ပုံဖော်ထားသည့် ပန်းအလှများ၊ သစ်ပင်များတွင် တပ်ဆင်ထားသည့် မီးရောင်စုံများ၊ မီးရောင်စုံများဖြင့် ပြုလုပ်ထား ရှိရာ ယနေ့တွင်လည်း လာရောက် အပန်းဖြေလည်ပတ်ကြသူများဖြင့်  စည်ကားလျက် ရှိကြောင်း သတင်းရရှိသည်။