အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

“အဲဒီတော့ နိုင်ငံသမိုင်းသင်တဲ့ ဆရာမဒေါ်မြမြရယ်၊ သင်္ချာသင်တဲ့ ဆရာမဒေါ်ခင်မွှေး အလှည့်ကျတော့ ဆရာမတွေက ခပ်ထက်ထက်ဆိုတော့ သူတို့ကို တင်းတင်းမာမာ ဆက်ဆံတယ်၊ သူတို့အဖေ နိုင်ငံခြားက ယူလာတဲ့ နှစ်ထပ်ဆွယ်တာကို တင်စိုးနွယ်က စာသင်တုန်း ချွတ်လိုက်၊ ဝတ်လိုက် လုပ်တဲ့အပြင် ရင်ရင်ထိုက်ကို ဝတ်ခိုင်းလိုက် လုပ်နေတော့ ဆရာမဒေါ်မြမြက ချဲတာပေါ့”

“နာမည်တစ်ယောက်စီ ခေါ်ပြီးကို ဆူတာ၊ ဒေါ်ခင်မွှေးကလည်း ငါ့ သင်္ချာချိန်မှာ စိတ်မပါရင် အတန်းထဲက ထွက်သွားပါ၊ မင်းတို့ကြောင့် တခြားလူ အနှောင့်အယှက်မဖြစ်ပါစေနဲ့တဲ့၊ ကျွန်တော်တို့က အဲဒီတုန်းက ဝမ်းသာလိုက်တာ၊ ဆရာမနှစ်ယောက်ကို ဝိုင်းလက်ခုပ်တီးကြတာပေါ့”

“အဲဒါ သူတို့က နောက်ကွယ်မှာ ဆရာမတွေက သူတို့ကို မနာလိုဘူးလို့ အတင်းပြောသေးတာ၊ ကျွန်တော်တို့က ဟားပစ်တာ၊ ကျွန်တော်နဲ့ အထွန်းက ဆရာမ ဒေါ်မြမြနဲ့ ဒေါ်ခင်မွှေးဘက်က ခိုင်ခိုင်မာမာ ရပ်တည် ကြတာ၊ ဆရာမလေးနှစ်ယောက်က ငယ်လည်းငယ် လှလည်းလှတော့ သူတို့ကို မနာလိုတာ ဖြစ်နိုင်မလား ကိုလတ်ရယ်၊ ပြီးတော့  သူတို့နှစ်ယောက်က စာသင်ရင် တကယ်အပင်ပန်းခံသင်တာ၊ ပါးစပ်က အမြှုပ်ထ မတတ်သင်ရတာ”

“ပြောရတာ အသေးအဖွဲပဲ၊ ဆရာမတွေက သူတို့ဝတ်သလို မဝတ်နိုင်ဘူးပေါ့၊ ဒါလည်း ဟားပစ်လိုက်တယ်၊ တစ်ယောက်က ဆရာဝန်ကတော်၊ တစ်ယောက်က အရာရှိကတော်ဆိုပြီး၊ ကလေးတုန်းကတော့ မခံချင်စိတ်နဲ့ ဂုဏ်ဂုဏ်ချင်း ပေါက်ပစ်လိုက်တယ်”

“ဆရာမတွေကလည်း အဝတ်အစား ဖက်ရှင်ထွင်ပြီး အချိန်ကုန်မယ့် အစား  ဟုတ်ပုံမရပါဘူး၊  သူတို့ကို  လူမိုက်အားပေးလုပ်တဲ့  သူတို့ရဲ့ ဖေးဗရိတ် ဆရာမ ရိုဇလင်နဲ့ ဒေါ်သက်နှင်းတို့ကသာ သူတို့လို တစ်စားတည်း”

“ဒီတင်ပဲ အတန်းထဲမှာ အုပ်စုနှစ်စု ကွဲသွားတယ်”

“ဟုတ်လား၊ တကယ့် ပဋိပက္ခပါလား”

“ကျွန်တော်တို့ဘက်ကို   ကျောင်းသူတွေ  တော်တော်နဲ့မပါရဲဘူး၊ ဟိုဘက်က ဂရိတ်တွေမဟုတ်လား၊ ဆရာမကအစ မျက်နှာလိုက်တာ၊ မထင်ရင် မထင်သလို အမှတ်လျှော့မှာ စိုးကြတယ်၊ ကျွန်တော်တို့ ဆရာမ  ဒေါ်မြမြနဲ့ ဒေါ်ခင်မွှေးကတော့ အထွန်းကို ဘယ်လောက်ချစ်ချစ် ကျရင် ကျသလိုပဲ မညှာဘူး၊ ချပစ်တယ်”

ၑမုန်းလို့လည်း အမှတ်လျှော့မပစ်ဘူး၊ ရင်ရင်ထိုက်ဆိုရင် တစ်ခါတလေ ဒေါ်မြမြဆီမှာ အမှတ်တွေ အများကြီးရတတ်တာပဲ၊ ဒေါ်ခင်မွှေးလည်း ပေးတာပဲ၊ ဒီတော့ လောကကြီးမှာ ရိုးဖြောင့်တာကလည်း နေရာတိုင်းမှာ အလုပ်လုပ်ရတာ သိပ်ခက်တာ”

ကိုလတ်က ပြုံးမိပြန်သည်။ အောင်သည် ကိုလတ်၏ မျက်နှာကို လှမ်းကြည့်ပြီး ရယ်ကာ သူ့စကားကို ဆက်ပြောလေသည်။

“ဒီတော့ ကျွန်တော်နဲ့ အထွန်းတို့က ဒီဘက်အုပ်စုက ခေါင်းဆောင် ပေါ့၊ ဟိုဘက်ခေါင်းဆောင်က ရင်ရင်ထိုက်ရယ်၊ ဖြူဖြူရယ်၊ တင်စိုးနွယ် ရယ်၊ ကျွန်တော်တို့က ဆရာမ ရိုဇလင်နဲ့ ဒေါ်သက်နှင်းတို့ မကောင်း ကြောင်းတွေ ထောက်ပြဝေဖန်ကြ”

ရင်ရင်ထိုက်တို့က  အခွင့်ထူးခံပြီး  မတရားမှုတွေလုပ်တာ ခေါင်းငုံ့ မခံသင့်ဘူး၊ စည်းရုံးရတာပေါ့၊ ဒီတော့ ကျောင်းသူအများစုက ကျွန်တော် တို့ဘက်ပါလာတာပေါ့၊  တခြားအေးတဲ့ဆရာမတွေတောင် ကျွန်တော်တို့ ကို အားပေးလာကြတယ်။

“အောင်တို့က အောင်တာပေါ့”

“ကိုလတ်က နောက်တာလား၊ ပြောင်တာလား”

အောင်က ရယ်မောနေသည်။

“တကယ်ပြောတာပါ အောင်ကလည်း”

“ကျွန်တော်က တစ်မျိုးပဲ၊ ရန်သူဖြစ်လာတဲ့လူဆိုရင် ဘယ်တော့မှ ခံစစ်မဖြစ်ချင်ဘူး၊ တိုက်စစ်ပဲဖြစ်ချင်တာ။ ဆိုပါစို့၊ ဟိုတောင်ကုန်းလေး မှာ ရန်သူတပ်စွဲနေတာတွေ့ရင် ဦးအောင်တိုက်ပစ်ချင်တာ၊ သူတို့လာ တိုက်မှာကိုစောင့်လိုက်ရင် ကျွန်တော်တို့က တစ်ပန်းရှုံးမှာပေါ့”

အောင့်အပြောကို ကိုလတ်က ခေါင်းညိတ်ရင်း...

“အောင်က တကယ့် Fighter  ပဲ”

အောင့်ကို “တိုက်ခိုက်တတ်သူ” လို့ဆိုရင်း အတွေးနှင့် ငေးသွားပြန် သည်။

လပြည့်ဝန်းသည် တဖြည်းဖြည်း မြင့်တက်သွားသည်။ ယုဇနပန်းရနံ့ တို့သည် မွှေးထုံ သင်းပျံ့လာလေသည်။ ကိုရီးယားသံရုံးမှ သံဆန်ခါ အုပ်ထားသော မီးလုံးကြီးများသည် လင်းထိန်နေသည်။

စံရိပ်ငြိမ်ထိပ် အဆောင်စိပ်သော ရပ်ကွက်တွေမှ မိန်းကလေးတွေ တစ်သိုက်ပြီးတစ်သိုက် အဆောင်ပြန်ဝင်ကြသည်။ ပြည်လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော ကားပေါ်မှ လူရွယ်တစ်စုက “ဟေ့...နောက်ကျနေပြီ မြန်မြန်ပြန်ကြ” ဟု နောက်ပြောင်သွားကြသည်။

မိုးဦးကာလ တိမ်ရိပ်တို့သည် လကို ဖုံးကွယ်ရန် တလိပ်လိပ်တက် လာလေသည်။ လျှပ်ရောင်သည် လျင်မြန်သော အရှိန်အဟုန်နှင့် ဝင်းခနဲ လက်ခနဲပြိုးပြက်သွားသည်။  လျှပ်ရောင်ဝင်းအပြက်တွင်  လေးနက် သောအတွေးတွေနှင့် ကိုလတ်၏မျက်နှာသည် တည်ကြည်လျက် မျက်လုံး များကား စူးရှတောက်ပြောင်နေသည်။

“ကျွန်တော်နဲ့ အထွန်းတို့ဟာ အဲဒီကတည်းကစပြီး တကယ့်ရဲဘော် ရဲဘက်တွေလို ချစ်လာခဲ့ကြတာ ဆယ်တန်းအောင်ပြီးတဲ့အထိပဲ”

“သူက တက္ကသိုလ်ဆက်မသွားနိုင်တော့ဘူူး၊ ကျောင်းဆရာမ အလုပ် ကို ဝင်လုပ်လိုက်ရတယ်၊ ကျွန်တော် ဘကြီးအိမ်မှာနေတုန်းက အထွန်း ကို ကျွန်တော်ခေါ်ထားပြီး ဘကြီးအိမ်မှာ နေကြသေးတယ်”

      ဆက်လက်ဖော်ပြပါမည်။