ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်မှ မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့် သူများအား လှိုက်လှဲစွာကြိုဆို

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  မြို့နယ်ရှစ်မြို့နယ်မှ မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့် သူများအား လှိုက်လှဲစွာကြိုဆို 

 

နေပြည်တော်  မတ်  ၂၉

ပြည်ထောင်စုနယ်မြေ   နေပြည်တော်အတွင်းရှိ  မြို့နယ်ရှစ်မြို့နယ်  ရပ်ကွက် ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်းရန် အကျုံးဝင်သူများသည် ယနေ့နံနက်ပိုင်းတွင်  မိမိတို့ သဘောဆန္ဒအရ  သက်ဆိုင်ရာမြို့နယ် ပြည်သူ့စစ်မှုထမ်း မှတ်ပုံတင်ရုံးများ၌ သတ်မှတ်ပုံစံများ ဖြည့်သွင်းနေမှုကို နေပြည်တော် ကောင်စီမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကား ပြောကြားကြသည်။

ထို့နောက် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများသည် မြို့နယ်ရှစ်မြို့နယ်ရှိ သက်ဆိုင်ရာမြို့နယ် ပြည်သူ့စစ်မှုထမ်း မှတ်ပုံတင်ရုံးများသို့ သွားရောက်ပြီး မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူများကို ထောက်ပံ့ငွေများနှင့်  အသုံးအဆောင်ပစ္စည်းများကို ပေးအပ်၍ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

ယင်းနောက်  တာဝန်ရှိသူများက  မိမိသဘောဆန္ဒအရ စစ်မှုထမ်းဆောင်မည့်သူများကို  သတ်မှတ်ထားသည့် စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ရာ တပ်မတော်မှ တာဝန်ရှိသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

အဆိုပါ စစ်မှုထမ်းရန် မိမိသဘောဆန္ဒအရ စာရင်းပေးထားသူ တပ်ကုန်းမြို့နယ်မှ ခုနစ်ဦး၊ ဥတ္တရသီရိမြို့နယ်မှ ၂၆ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှ ၃၀ ၊ ဇေယျာသီရိမြို့နယ်မှ ၁၂ ဦး၊ ပျဉ်းမနားမြို့နယ်မှ ၅၆ ဦး၊  ဇမ္ဗူသီရိမြို့နယ်မှ ၁၂ ဦး၊   ဒက္ခိဏသီရိမြို့နယ်မှ ၃၅ ဦး၊ လယ်ဝေးမြို့နယ်မှ ခြောက်ဦး စုစုပေါင်း ၁၈၄ ဦးတို့မှ သတ်မှတ်ထားသည့် စစ်ဆေးမှုများနှင့် ကိုက်ညီသူများသည် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင်  တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။