စက်စက်ယို ဆည်ရေသောက်စနစ်နှင့် ငလိုက်ရေသောက် စနစ်တို့မှ နွေသီးနှံစိုက်ပျိုးရေ ပေးဝေနေမှုအား ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကြည့်ရှုစစ်ဆေး

 

စက်စက်ယို ဆည်ရေသောက်စနစ်နှင့် ငလိုက်ရေသောက် စနစ်တို့မှ နွေသီးနှံစိုက်ပျိုးရေ ပေးဝေနေမှုအား ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်  ၂၉

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း      ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက   ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာ အုပ်စုရှိ   နွေသီးနှံ စိုက်ပျိုးမည့်  တောင်သူများနှင့် တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးစားစိုက်ပျိုးကြရန်နှင့် လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာ ဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားပြီး ရာဇဌာနီလမ်းနှင့် အပြိုင်ပလတ်စတစ်လိုင်နင် တူးမြောင်းအတွင်း ရေသိုလှောင်၍ အနိမ့်တင်ဆိုလာနှင့် နွေသီးနှံစိုက်ပျိုးရေပေးဝေမှု၊ နွေသီးနှံစိုက်ပျိုးရန် အတွက် ငလိုက်ဆည်မှ ပေးဝေသော စိုက်ပျိုးရေ ဝင်ရောက်နေမှုနှင့် နွေနှမ်းသီးနှံ စိုက်ပျိုးပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်  ညောင်ပင်ကြီးစုကျေးရွာအုပ်စုရှိ တောင်သူဦးတင်ငွေ စိုက်ပျိုးထားသော နွေနှမ်းသီးနှံနှင့် နွေစပါးစိုက်ပျိုးထားရှိမှု၊  ဇမ္ဗူသီရိမြို့နယ် ငလိုက်ဆည်ရေသောက်စနစ်ရှိ တောင်သူဦးတိုး၏ ထိုင်းနှံကောက်စပါး စိုက်ပျိုးထားသော လယ်မြေ၊ ငလိုက်လက်ယာ  လက်တံ(၄)ရေသောက်ရှိ GW 11စပါးမျိုး စိုက်ပျိုးထားရှိမှု၊ ငလိုက်လက်ယာ လက်တံ(၂)ရှိ လယ်မြေများတွင် စိုက်ပျိုးရေရယူမှု အခြေအနေနှင့် ထိုင်းနှံကောက်စပါး စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။

ငလိုက်ရေသောက်စနစ်အတွင်း လက်ယာ တူးမြောင်းမကြီးအား  အထက်လေးရက်၊ အောက်လေးရက် စနစ်ဖြင့် အုပ်စုနှစ်စုခွဲ၍ လည်းကောင်း၊   လက်ဝဲရေသောက်စနစ်အား လက်ယာရေသောက် အုပ်စုတစ်ခုတွင် နှစ်ရက်နှုန်းဖြင့် စုစုပေါင်းလေးရက်နှုန်းဖြင့် လည်းကောင်းတွဲဖက်၍ အလှည့်ကျပေးဝေလျက် ရှိသည့်အပြင် လက်တံမြောင်း တစ်ခုချင်းစီတွင် မြို့နယ်အလိုက် အထက်အောက် အလှည့်ကျခွဲဝေကာ   တောင်သူများကို အသိပေးကြေညာထားသော ကြိုတင်ရေးဆွဲထားသည့် ရေလှည့်ဇယားအတိုင်း ဆည်ရေပေးဝေလျက်ရှိရာ အဆိုပါရေလှည့်ဇယားများ အတိုင်းပေးဝေနေခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးရေ ရေလှည့်စနစ် အတိုင်း စနစ်တကျအထက်အောက် မျှတစွာပေးဝေကြရန်နှင့် ရေလေလွင့် ဆုံးရှုံးမှုမရှိစေရေး  စီမံဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် ငလိုက်လက် ယာလက်တံ(၁)၊ ကြာပင်ကျေးရွာအုပ်စု ထန်းတပင်ကျေးရွာတွင် လက်ဆွဲမျိုးစေ့ချ ကိရိယာဖြင့် ထိုင်းနှံကောက်စပါးမျိုး စိုက်ပျိုးထားသော လယ်မြေကိုကြည့်ရှု အားပေးပြီး စိုတစ်လှည့်ခြောက်တစ်လှည့်စနစ်ဖြင့် ရေသွင်းစိုက်ပျိုးမှုစနစ်များ  တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး ပညာပေး စည်းရုံးဆောင်ရွက်ရန်၊ ပေါင်းသတ်ရာ၌ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည့် ပေါင်းသတ်ဆေးသုံးစွဲမှု မပြုဘဲ ရေသွင်းရေထုတ် မှန်ကန်စွာဆောင်ရွက်ခြင်းဖြင့် ပေါင်းသတ်ရန်၊ ရေပေးတူးမြောင်းအလိုက် ဖွဲ့စည်းထားရှိသော WUG  အဖွဲ့များနှင့်ပူးပေါင်း၍ ဆည်ရေပေးဝေမှုကို ထိရောက်အောင် ဆောင်ရွက်ရန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။