နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေး  ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  မတ်   ၂၉

    ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကာလအတွင်း    နေပြည်တော် လမ်းလျှောက်သင်္ကြန်  အောင်မြင်စွာကျင်းပနိုင်ရေး ကျင်းပရေး ကော်မတီနှင့် ဆပ်ကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးသန်းထွန်းဦး၊ ဒုတိယ ဝန်ကြီး ဦးရဲတင့်နှင့်ဒေါ်နုမြဇံ၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)ဦးမောင်မောင်၊ ဝန်ကြီးဌာနများမှ    အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊   မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း၊  Brilliant Aura Co.,Ltd., မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးလုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးကို  မတ်လ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်(၂၀)ချမှတ်ခဲ့ကာ တက်ရောက်သူများ အားလုံးနှင့် သက်ဆိုင်ရာများသို့ သိရှိဆောင်ရွက်နိုင်ရေး ပေးပို့အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီငါးခုကို မတ်လ ၂၁ ရက်တွင် ဖွဲ့စည်းထားရှိပြီး လုပ်ငန်းစဉ်များကိုလည်း  ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဝန်ကြီးဌာနအသီးသီးက သိရှိအောင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊   ယခုနှစ်သင်္ကြန်တွင်   ထူးထူးခြားခြားအနေဖြင့် ကိုရီးယားနိုင်ငံမှ K-POP အဆိုရှင်များနှင့်  နာမည်ကြီး အနုပညာရှင်များ ပါဝင်ဆင်နွှဲမည်ဖြစ်သကဲ့သို့ ရုရှားနိုင်ငံ သံရုံးမှမဏ္ဍပ်တစ်ခုနှင့်   မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှလည်း ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း၊ နေပြည်တော် လမ်းလျှောက်သင်္ကြန်သည် နိုင်ငံတော်က စီမံကျင်းပသည့် နှစ်သစ်ကူး ပွဲတော်ဖြစ်ကြောင်း၊  ဝန်ကြီးဌာနအားလုံး၊ ဝန်ထမ်းများအားလုံးနှင့် ပြည်သူလူထုစုပေါင်းပျော်ရွှင်စေရန် ရည်ရွယ်ချက်လည်း ပါဝင်ကြောင်း၊ ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ အနေအထားအရ ဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ စည်းလုံးမှု၊   ပြည်သူနှင့်အစိုးရ၏ ပေါင်းစည်းမှု၊ တစ်သားတည်းဖြစ်မှုကို ပြသသည့်  အနှစ်သာရကို ဖော်ဆောင်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း၊   ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုကြောင်း၊ မြို့တော်ဝန်မဏ္ဍပ်နှင့်   လမ်းလျှောက်သင်္ကြန်နှစ်ခုလုံးတွင် ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် စီမံဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ အနုပညာရှင်များကို ဖိတ်ကြား ထားပြီး နေပြည်တော်လမ်းလျှောက် သင်္ကြန်ကို စည်စည်ကားကားဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြုံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)   ဦးသန်းထွန်းဦးက နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ယခင်နှစ်မှစတင် ကျင်းပခဲ့ပြီး ပြည်သူလူထုနှင့်ဝန်ထမ်းများ ပူးပေါင်း၍ အတူတကွ ပျော်ရွှင်စွာဆင်နွှဲကြသည့် ရည်ရွယ်ချက်မှာ ကောင်းမွန်ကြောင်း၊  မြန်မာ့ရိုးရာ အတာသင်္ကြန်ကို နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ပြည်သူနှင့် ဝန်ထမ်းများ ယဉ်ကျေးပျော်ရွှင်စွာဆင်နွှဲနိုင်အောင် ဆောင်ရွက်မည်ဖြစ်ပြီး နေပြည်တော်ကောင်စီအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးရဲတင့်က လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Brilliant Aura Co.,Ltd . .မှ ပရောဂျက်ဒါရိုက်တာက  လမ်းလျှောက် သင်္ကြန်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လမ်းလျှောက်သင်္ကြန်အတွက် ပေါင်းစပ် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က ၂၀၂၄ ခုနှစ်  နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင်  ပါဝင်ဖျော်ဖြေကြမည့်    ကိုရီးယားနိုင်ငံမှ အနုပညာရှင်အဖွဲ့၏ ဖျော်ဖြေရေးနှင့် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်မည့် အစီအမံများ၊ မဏ္ဍပ်များ နေရာချထားမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ နေပြည်တော်ကောင်စီဝင်၊ ဒုတိယမြို့တော်ဝန်နှင့်   ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်လမ်းလျှောက် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန်လျာထားမှု၊  ရေရရှိရေး၊ ဖျော်ဖြေရေး၊   ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ယိမ်းအဖွဲ့များ   ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး အပါအဝင် သင်္ကြန်ပွဲတော်အား  အားလုံးပျော်ရွှင်စွာ  ပါဝင်ဆင်နွှဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးက ရုရှားဖက်ဒရေးရှင်းနိုင်ငံ လူငယ်အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီး တေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှု ပါဝင်မည်ဖြစ်ပြီး ယခုနှစ်သင်္ကြန်တွင် မြန်မာနိုင်ငံမှ လူငယ်အဆိုတော် မိုးအာကာဝင်းနှင့် တွဲဖက်၍ မြန်မာ- ရုရှား နှစ်ဘာသာပေါင်းစပ် ရေးသားထားသော မြူးကြွသည့် သီချင်းအသစ်များနှင့် သီဆိုဖျော်ဖြေသွားရန် စီစဉ်ထားသည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးကြပြီး    ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား၍  အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။