မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ဘုရားဖူးပြည်သူများဖြင့်စည်ကား

 

မန်းရွှေစက်တော်ဘုရားပွဲတော်တွင် ဘုရားဖူးပြည်သူများဖြင့်စည်ကား

 

မင်းဘူး  မတ်  ၃၀

    မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဘုရားပွဲတော်စတင် ကျင်းပသည့် တပို့တွဲလဆန်း  ၅  ရက်မှစ၍  ယနေ့(မတ်လ ၃၀ ရက်)အထိ ဘုရားဖူးခရီးသွား ပြည်သူပေါင်း    နှစ်သိန်းခွဲခန့်  လာရောက်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားဖူးလာရောက်သူ   များပြားသည့်အတွက် ဈေးရောင်း/ဈေးဝယ်များနှင့် ခေါင်းရွက်ဈေးသည်များပါမကျန် ရောင်းအားကောင်းမွန်၍ အဆင်ပြေလျက်ရှိကာ ပွဲတော်စတင် ကျင်းပသည့်နေ့မှစ၍  ယနေ့အထိ ဘုရားဖူး ခရီးသွားပြည်သူများ နေ့စဉ် အဆက်မပြတ် လာရောက်လျက်ရှိကြောင်း   မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ  ဦးဝင်းဌေးကပြောသည်။

ဘုရားပွဲတော်ကျင်းပစဉ်   ကာလတစ်လျှောက်  တပေါင်းလပြည့်နေ့သည်  နှစ်စဉ်နှစ်တိုင်း  အစည်ကားဆုံးဖြစ်ကာ ယခုနှစ်  တပေါင်းလပြည့်နေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် လည်ပတ်ကြသူများဖြင့်   ကြိတ်ကြိတ်တိုး အထူးစည်ကားခဲ့ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ယခုနှစ် တပေါင်းလပြည့်နေ့တွင်လည်း စနေ၊  တနင်္ဂနွေ  အစိုးရရုံးပိတ်ရက်နှင့်တိုက် သည့်အတွက် တည်းခိုဆောင်များအားလုံး ပြည့် သည်အထိ   ဘုရားဖူး လာရောက်ခဲ့ကြ ပြီး  ဘုရားအနီးပတ်ဝန်းကျင်ရှိ ဓမ္မာရုံများနှင့် ဘုန်းတော်ကြီးကျောင်းများတွင်လည်း တည်းခို နေထိုင်ကြကာ ဘုရားဖူး၊ ရွှေသင်္ကန်းများ  ကပ်လှူပူဇော်၍ မန်းချောင်းအတွင်း ရေချိုး အပန်းဖြေ အနားယူကြသည်။

မန်းရွှေစက်တော်ဘုရားကြီးသည်  ထင်ရှားကျော်ကြားကာ ရက်အရှည်ကြာဆုံးသော  ဘုရားပွဲတော်တစ်ခုဖြစ်ပြီး  ယခုနှစ်  မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို  တပို့တွဲ လဆန်း  ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း ၆၄ ရက်ကြာ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

မန်းရွှေစက်တော်ဘုရားကြီး၌ ယခုနှစ် ဘုရားဖူးခရီးသွားရာသီတွင်  ပွဲတော်စတင် ကျင်းပခဲ့သည့်  ကာလတစ်လျှောက်မှစ၍  တပေါင်းလပြည့်ကျော် ၁ ရက် (မတ်လ ၂၅ ရက်) ညအထိ  ဘုရားဖူးရဟန်းရှင်လူများနှင့်   အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် လည်ပတ်သူဦးရေ ၂၀၇၀၃၀ ရှိပြီး ညအိပ် တည်းခိုသူပေါင်း ၄၆၃၀၆ ဦးရှိကြောင်း၊ မော်တော်ယာဉ်ဝင်ထွက်မှု အနေဖြင့်  ယာဉ်ကြီး၊  ယာဉ်လတ်၊  ယာဉ်ငယ်နှင့် ဆိုင်ကယ် အစီးရေ ၂၂၇၉၂ စီးရှိပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားကြီးရှိ ခရီးသွားမှတ်တမ်း များအရ သိရသည်။