အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
“ဘကြီးက ကျွန်တော့်ကိုချစ်သလို အထွန်းကိုလည်း အလိုက်သိလို့တဲ့ ချစ်တယ်၊ ကျွန်တော်နဲ့ အထွန်းစာတွေဖတ်၊ ရုပ်ရှင်တွေကြည့်ကြနဲ့၊ ဒါကို ရင်ရင်ထိုက်နဲ့ ဖြူဖြူတို့က ကျွန်တော်တို့ကို သူတို့လိုအချစ်တော်လို့ စွပ်စွဲချင်တာ၊ အောက်တန်းကျတယ်၊ တကယ့် လူ့အန္ဓတွေ”
အောင်သည် စကားလောကြီးပြီး ပြောချင်ရာတွေ ပြောမိမည်စိုးသောကြောင့် သတိနှင့်ထိန်းပြီး တိတ် ဆိတ်သွားပြန်သည်။ ကိုလတ်သည် စီးကရက်တစ်လိပ် ကို ရှိုက်ဖွာကာ အောင့်ကိုမကြည့်ဘဲ မြေပြင်ကို စိုက် ငေးလာသည်။
အောင့်စိတ်ထဲ၌ ကိုလတ်သာ မိန်းကလေးဖြစ်ရင် ဖြစ်စေ၊ ငါသာ သူ့လို အမျိုးတူယောကျ်ားလေးဖြစ်ရင် ဖြစ်စေ အကုန်လျှောက်ပြောပစ်မှာပဲ။
အခန်း(၁၇)
ထိုနေ့ညက စကားပြောရင်း ကိုလတ်၏မျက်နှာကို လုံးလုံးမကြည့်ဖြစ်တော့တာ သတိရသည်။
ခဲလုံးတစ်လုံးကို ခလုတ်တိုက်မိပြီး လဲကျတော့မလိုလို စိုက်စိုက်စိုက်စိုက်နှင့် ရှေ့သို့ငိုက်သွားသဖြင့် ကိုလတ်သည် အောင့်လက်မောင်းအိုးကို ကပျာကယာ ဖမ်းဆွဲလိုက်ရလေသည်။
အောင်က ရှက်ရှက်နှင့် မျက်နှာနီပြီး ရယ်မောနေ တော့မှ ကိုလတ်သည် အောင့်လက်ကို ပြန်လွှတ်လိုက် ကာ...
“အောင်က သိပ်ရှုပ်တာပဲ”
“ကျွန်တော်ရှုပ်တာ မဟုတ်ပါဘူး”
အောင်သည် မငြင်းသာငြင်းသာ ငြင်းမိသေးသည်။ အောင်ရှုပ်တာမဟုတ်ဘဲ ရှက်နေတာကို ကိုလတ်ရိပ်မိ ပြီး တမင်စကားလွဲှ၍ ပြောလိုက်တာကို အောင်က မသိ။ ကိုလတ်က ညင်သာစွာပြုံးလျက်...
“တဖြည်းဖြည်းနဲ့ ကမာရွတ်ရောက်တော့မယ်၊ အအေးဆိုင်မှာ တစ်ခုခုသောက်မလား၊ အောင် ဘာသောက်ချင်လဲ”
အာရုံပြောင်းပစ်လိုက်သည်။
“ကျွန်တော် ပိုက်ဆံယူမလာမိဘူး”
အောင်က ကလေးပမာပြောလိုက်လေသည်။ ကိုလတ်ကပြုံးလျက်...
“ကိုယ်တိုက်မှာပေါ့”
“ချောစုနဲ့ ကျွန်တော်နဲ့ အဲလို အအေးထွက်သောက်ရင် ကိုယ်စားတာကိုယ့်ပိုက်ဆံနဲ့ကိုယ်၊ အမြဲတမ်းတစ်ယောက်ကိုတစ်ယောက် ဘယ်ကျွေးနိုင်ပါ့မလဲ”
“မိန်းကလေးအချင်းချင်းတော့ ဟုတ်တာပေါ့ အောင်ကလည်း”
“ပြီးတော့ ကျွန်တော်က အအေးသောက်ရင် တစ်ခွက်နဲ့ မဝတတ်ဘူး၊ နှစ်ခွက်သောက်ရမှ၊ ဒီတော့ ကိုလတ်ကို ကျွန်တော်ပဲ တိုက်ချင်တယ်”
“သောက်ချင်သလောက်သောက်ပါ အောင်ရဲ့၊ နှစ်ခွက်သောက်သောက်၊ သုံးခွက်သောက်သောက်၊ ကိုင်း ဘယ်လောက်သောက်မလဲပြော”
အောင်ကရယ်လျက်...
“ကိုလတ် ပိုက်ဆံကုန်မှာပေါ့၊ ဒူးရင်းဖျော်ရည်ဆိုရင် သုံးကျပ်တောင်၊ ကျွန်တော် အမြဲမသောက်ဘူး၊ လေးငါးဆယ်ရက် အငတ်ခံပြီးမှ သောက်တာ၊ နှစ်ခွက် သောက်ရင် ခြောက်ကျပ်ကုန်မှာ”
ကိုလတ်က ပြုံးပြီး အောင့်ကို လမ်းထိပ်သို့ ခေါ်သွားသည်။ ကမာရွတ်အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် တခြားစားသောက်ဆိုင်တို့သည် ပွဲဈေးတမျှ စည်ကားလှသည်။
လက်ဖက်ရည်ဆိုင်မှ ကျောင်းသားနှင့် လူသူတချို့က ကိုလတ်နှင့်အောင်တို့ကို လှမ်းကြည့်ပြီး “တကယ် ချစ်ရဲ့လား၊ ချစ်တယ်တအား”ဟု သီချင်းဆိုနေကြသဖြင့် အောင်၏ခြေလှမ်းတို့သည် မှားပြန်သည်။
သူတို့ရှေ့မှ အအေးဆိုင်တစ်ခုတွင် ကောင်မလေး၏ ပေါင်ကိုလှမ်းကိုင်ကာ စကားပြောနေသော ကောင်လေးနှင့် စုံတွဲတစ်စုံ။ ကောင်မလေးသည် ကောင်လေး၏လက်ကို လှမ်းကိုင်ရင်း စကားပြောနေတာကို အောင်သည် ကပျာကယာ မျက်နှာလွှဲလိုက် ရလေသည်။
“ဒူးရင်း နှစ်၊ နို့သစ်ခွ တစ်”
မကြာမီပင် ဖျော်ရည်များရောက်လာလေသည်။ ကိုလတ်က အောင့်အားငေးကြည့်ပြီး...
“ပိန်ပြီး တော်တော်အစားကြီးတာပဲ”
“ကျွန်တော်လား၊ စားသလောက် အသားမဖြစ်ဘူး”
“အရပ်မြင့်လို့ပါ”
“ချောစုကျတော့ ဝလို့ အစားနည်းနည်းရှောင်တယ်၊ ကျွန်တော့်ကို အားကျလို့တဲ့၊ အီကလယ်ကိတ် မုန့်ဆိုရင် တစ်ခုတစ်ကျပ် မဟုတ်လား၊ ငါးကျပ်ဖိုး ဝယ်စားတာမဝဘူး”
“အိမ်ကပို့တဲ့ပိုက်ဆံလောက်ရဲ့လား”
“ချွေတာရတာပေါ့ ကိုလတ်ရယ်၊ အဆောင်မှာ ကိုယ့်ဘာသာကိုယ် ချက်စားကြတာ၊ ဟင်းကိုဖြစ်သလိုပဲ၊ ပရက်တီကယ်လ်ရှိတဲ့နေ့ဆိုရင် ကျွန်တော်ရော ချောစုရော ချက်ဖို့လုံးလုံးအချိန်မရဘူး၊ မြေပဲဆန် ကြော်နဲ့ပြီးချင်ပြီး၊ လက်ဖက်သုပ်နဲ့ စားချင်စားလိုက် ရတာ”
“စိတ်မညစ်ဘူးလား”
ဆက်လက်ဖော်ပြပါမည်။