အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

 

ပဲခူး  မတ်  ၃၀

    အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ   အသိပညာပေး ရှင်းလင်းခြင်း အခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ အနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ရန်လိုကြောင်း၊  နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ/တာဝန်ခံမှုရှိရန်၊   ပွင့်လင်းမြင်သာစွာ  ဆောင်ရွက်နိုင်ရန်၊  ကျောသားရင်သား မခွဲခြားဘဲ  မျှတစွာဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏  ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား   ဆက်လက်ကျင်းပရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု  သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက်  တက်ရောက်လာကြသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်၍  သိလိုသည်များ မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။