နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ ၂၀၂၄ ခုနှစ် အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ ၂၀၂၄ ခုနှစ် အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်  ၃၀

   နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း၏   စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်  အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားရုံ၌ကျင်းပသည်။ 

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊   နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊   အမြဲတမ်း အတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်   ဗဟိုအလုပ်အမှုဆောင်/ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ နေပြည်တော်ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်း ရှင်များအသင်း၏ ၂၀၂၄ ခုနှစ် အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်ကို ကြည့်ရှုအားပေးသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ မရှိမဖြစ်လိုအပ်ပြီး လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးကြီးပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်မှာလည်း အဖွဲ့အစည်း စိတ်ဓာတ်

ဖြင့် ဆောင်ရွက်တတ်ကြရန် လိုအပ်ပါကြောင်း၊

ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်လူရွယ်များအနေနှင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စည်းလုံး ညီညွတ်မှုအင်အားကို အလေးထားတတ် လာမည်ဖြစ်ပါကြောင်း၊   နေပြည်တော် ဟိုတယ်ဇုန်ကဲ့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်ဇုန်များကလည်း မိမိတို့ဇုန်အလိုက် ယခုကဲ့သို့  အားကစားပြိုင်ပွဲများကို     ကျင်းပပေးစေလိုပါကြောင်း၊ ဟိုတယ်များရှိ ဝန်ထမ်းများအနေနှင့် ဝန်ဆောင်မှုပေးရသော   ဝန်ထမ်းများ ဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လုပ်ငန်းခွင်ပျော်၍   လုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ  နေပြည်တော်၌ မိုက်ခ် (MICE) ခရီးသွားလုပ်ငန်းသာမက အားကစားခရီးသွား လုပ်ငန်းတို့ကိုပါ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် မြှင့်တင်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကျော်မင်းထွန်းက ပြိုင်ပွဲဖြစ်ပေါ်လာပုံနှင့် ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြသည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ နေပြည်တော် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူး၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ  လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌတို့က ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာများ၊ အမှတ်ပေး အကဲဖြတ်  ဒိုင်လူကြီးများ၊    ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများ၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုရရှိသည့် ဟိုတယ်အသင်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများ၊   ဂုဏ်ပြုဆုငွေများနှင့် ဆုတံဆိပ်များကို ချီးမြှင့်ကြသည်။

ထို့နောက် ပြိုင်ပွဲဝင် ဟိုတယ်များအားလုံး ကိုယ်စား ရွှေနန်းတော်ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။