ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (၃/၂၀၂၄) အစည်းအဝေး ကျင်းပ

 

ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (၃/၂၀၂၄) အစည်းအဝေး ကျင်းပ

 

ရန်ကုန်  မတ်  ၃၀

    မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ငွေချေးသက်သေခံ လက်မှတ်   လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်သည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မိမိတို့ကော်မရှင် အနေဖြင့်  အရင်းအနှီး ဈေးကွက်တွင် ပါဝင်ဆောင်ရွက်လျက် ရှိကြသည့် ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများ၊ မှတ်ပုံတင်အကြံပေးများ၊ ရင်းနှီးမြှုပ်နှံမှု အကြံပေးများ၊ စာရင်းဝင်ကုမ္ပဏီ၊ အများပိုင်ကုမ္ပဏီများကို ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာများနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကိုစောင့်ကြပ်ကွပ်ကဲ သွားရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီညွတ်သည့် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကြိုတင်သိရှိ၍ ကြိုတင်ထိန်းကျောင်း တားဆီးနိုင်ရေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အလားတူအခက်အခဲများရှိလာပါက ကော်မရှင်အနေဖြင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်းတွင် Main Board  အပြင် ဒုတိယဈေးကွက်ဖြစ်သော စာရင်းဝင် အကြိုဈေးကွက်  Pre Listing Board (PLB) ပါ တည်ထောင်ပြီးဖြစ်၍ မကြာမီကာလတွင် စာရင်းဝင်အကြိုဈေးကွက်၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်သဖြင့် ကြီးကြပ်ဆောင်ရွက်မှု အပိုင်းကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ ထို့ပြင် မိမိတို့ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကဏ္ဍတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ သတင်းပို့အဖွဲ့အစည်းများအား တွန်းအားပေး ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးက (၂/၂၀၂၄) ကြိမ်မြောက်  ကော်မရှင် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြပြီး အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကိုဆွေးနွေးဆုံးဖြတ်ကြသည်။

အစည်းအဝေးသို့ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ်လျက် ရှိရာ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၆၁၉၁ ဦးရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း  စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ ရှယ်ယာစုစုပေါင်း ၄ ဒသမ ၄၉၈ သန်း၊ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၄၁ ဘီလီယံအရောင်း အဝယ်ဖြစ်ခဲ့ပြီး  ဈေးကွက်ရင်းနှီး မြှုပ်နှံမှု တန်ဖိုးငွေကျပ် ၆၇၇ ဒသမ ၁၀၉ ဘီလီယံ ရှိရာ မကြာမီကာလတွင် ဒုတိယဈေးကွက် (Pre Listing Board)၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာနသို့ ရောက်ရှိရာ အကောက်ခွန်ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက လုပ်ငန်းဆောင်ရွက်မှု အပေါ် အားနည်းချက်နှင့် အားသာချက်များ၊ လာမည့် ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ်အတွင်း  ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဥပဒေအမှတ်၊ ၂၃/၂၀၂၄ ဖြင့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို  ထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ်ရာ  ပြီးခဲ့သည့်  ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု၏ အားနည်းချက်နှင့် အားသာချက်များကို အခြေခံ၍ လုပ်ငန်းများ လျာထားချက် ပြည့်မီကျော်လွန်အောင်မြင် အောင်ဆောင်ရွက်နိုင်ရေး  ဝန်ထမ်းများအားလုံးက စုပေါင်းကြိုးပမ်း ဆောင်ရွက်ရန် လိုကြောင်း မှာကြားကာ E-Lock စနစ်ဆောင်ရွက်မှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး  လိုအပ်သည်များ  မှာကြားခဲ့ကြောင်း သိရသည်။