မြို့တော်သန့်ရှင်းသာယာ လှပရေး စနေနေ့ အထူးစုပေါင်း လုပ်အားပေး ဆောင်ရွက်နေမှုများအား ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

 

မြို့တော်သန့်ရှင်းသာယာ လှပရေး စနေနေ့ အထူးစုပေါင်း လုပ်အားပေး ဆောင်ရွက်နေမှုများအား ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကွင်းဆင်းစစ်ဆေး

 

ရန်ကုန်  မတ်  ၃၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)  ဦးဗိုလ်ဌေးသည်   ဒုတိယမြို့တော်ဝန် ဦးညီညီ၊  အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊   ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်    မရမ်းကုန်းမြို့နယ်  အမှတ်(၂) ရပ်ကွက် အလယ်ဗဟိုလမ်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်းသာယာလှပရေး စနေနေ့  အထူးစုပေါင်း လုပ်အားပေး  ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြို့တော်ဝန်က ကျောင်းအဆောက်အအုံ    တွယ်ကပ်ပင်များနှင့် အဆောက်အအုံအမိုးပေါ်ရှိ   အမှိုက်များ ရှင်းလင်းရန်၊ ကျောင်းဝင်းအတွင်း ရေနုတ်မြောင်း   ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်နှင့်   အမှိုက်များအား အပြောင်ရှင်းစနစ်ဖြင့်    တစ်ပါတည်း သိမ်းဆည်းရှင်းလင်းရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသည်  ၄  ဒသမ   ၂၈ ဧက   ကျယ်ဝန်းပြီး ကျောင်းသား၊ ကျောင်းသူ ၁၁၀၀ ဦး တက်ရောက်  ပညာသင်ကြားလျက်ရှိသည်။

ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်  ဗဟိုလမ်း(မင်းကြီးလမ်း) နှင့်  လမ်းသစ်လမ်းထောင့်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန  အင်းစိန်ပန်းခြံသို့ သွားရောက်၍ ပန်းခြံအတွင်း   စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုကို လည်းကောင်း၊ အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်  ဗဟိုလမ်း (မင်းကြီးလမ်း)ရှိ ကသွယ်ချောင်းရေစီးရေလာ အခြေအနေကိုလည်းကောင်း   ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က ကသွယ်ချောင်းရေစီးရေလာ ကောင်းမွန်ရေး ချောင်းအတွင်းရှိ    နုန်းများဆယ်ယူရှင်းလင်းရန်နှင့် ချောင်းကမ်းစပ်ရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန် မှာကြားကာလိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက်   မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်  တောင်သူကုန်းရပ်ကွက် သာယာအေး (၂) လမ်းရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဝင်းအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊   ရပ်ကွက်နေပြည်သူများ  ပူးပေါင်းအင်အားဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းနေမှု၊   အုပ်မိုးကိုင်းများ  ဖြတ်ညှိပုံသွင်း အလင်းဖွင့် ဆောင်ရွက်နေမှု၊ သစ်ရွက်ကြွေအမှိုက်များ ရှင်းလင်းနေမှု၊  သွေးလွန်တုပ်ကွေးရောဂါ   ကြိုတင် ကာကွယ်ရေးအတွက်   ခြင်ဆေးမှုတ်ခြင်း၊ ဖုံး၊သွန်၊လဲ၊ စစ်ပြုလုပ်ခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။ အင်းစိန်မြို့နယ် အမှတ်(၃) အခြေခံပညာ အလယ်တန်း ကျောင်းသည် ၃ ဒသမ ၉၂ ဧက  ကျယ်ဝန်းပြီး   ကျောင်းသား၊ ကျောင်းသူ ၅၀၀ ဦး တက်ရောက် ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။