ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

 

ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

 

ပြည်  မတ်  ၃၀

    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီး များလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်   ပြည်မြို့နယ် ငါးရွာ ကျေးရွာအုပ်စု  တစ်နှစ်သုံးသီးစိုက် ဧရိယာ အတွင်း တောင်သူ ဦးဝင်းလှိုင်၏ ဗီယက်နမ်ဆန်မွှေး စပါးမျိုးစေ့ထုတ် စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဧကလျှင် တင်း ၁၃၀ ကျော် ထွက်ရှိနိုင် သည့် စပါးမျိုးဖြစ်ပြီး ဒေသတွင်းစားသုံးမှု နှင့် ပြည်ပဈေးကွက်ရရှိနိုင်မှုပေါ် မူတည်၍ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်နှင့် မြို့နယ်တိုင်းရှိ ဌာနပိုင်မျိုးစေ့ သန့်စင်စက်များအား အသုံးပြု၍ သန့်စင်ပြီးမျိုးစေ့များကို တောင်သူများအား စိုက်ပျိုးစေခြင်းအားဖြင့်  အဖျင်းအမှော် ကင်းရှင်းပြီး အထွက်နှုန်းတိုးတက်လာနိုင် မည်ဖြစ်သဖြင့် ဒေသခံတောင်သူများအား ရှင်းလင်း အသိပညာပေးရန် တာဝန်ရှိသူ များကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့နယ် မထောကျေးရွာ အုပ်စု၌ ကြက်သွန်စိုက်ခင်းများ ရိတ်သိမ်းနေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ မြေဧရိယာ ၃၇၇ ဧကသည် ယခင်က ရေကြီးရေနက်ကွင်းဖြစ်ပြီး တစ်နှစ်ဆောင်းပဲ တစ်သီးသာစိုက်ပျိုးနိုင်သော်လည်း ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့  အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး  စီစဉ်ဆောင်ရွက်ပေးခဲ့မှုကြောင့် စားဖိုဆောင်သီးနှံ ကြက်သွန်နီအား သီးထပ်တိုးချဲ့ စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ရာ တစ်ဧကလျှင် ကြက်သွန်ပိဿာ ၆၀၀၀ ကျော်ထွက်ရှိ ပြီး တစ်ဧကအပေါ် အသားတင်အမြတ်ငွေ ကျပ်သိန်း ၆၀ ကျော် အကျိုးအမြတ် ရရှိကြောင်း သိရသည်။