၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေပြဋ္ဌာန်း -အပိုင်း(၂)

 

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေပြဋ္ဌာန်း -အပိုင်း(၂)

 

ယမန်နေ့မှအဆက်

အခန်း(၂)

စီမံကိန်းရည်မှန်းချက်များ

၄။      ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

          (က)   စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ပုံမှန်ဈေးနှုန်းအရ ၃.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

          (ခ)     ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ-

                   (၁)လယ်ယာကဏ္ဍတွင် ၂.၅ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၂)သားငါးကဏ္ဍတွင် ဝ.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၃)သစ်တောကဏ္ဍတွင် ၉.၉ ရာခိုင်နှုန်းတိုးတက်ရန်၊                    

                   (၄)စွမ်းအင်ကဏ္ဍတွင် ၆.၅ ရာခိုင်နှုန်းလျော့နည်းရန်၊

                   (၅)သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၉.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၆)စက်မှုလက်မှုကဏ္ဍတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၇)လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၆.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၈)ဆောက်လုပ်မှုကဏ္ဍတွင် ၃.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၉)ပို့ဆောင်ရေးကဏ္ဍတွင် ၆.၆ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၀)ဆက်သွယ်ရေးကဏ္ဍတွင် ၇.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၁)ငွေရေးကြေးရေးကဏ္ဍတွင် ၂.၇ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၂)လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍတွင် ၃.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၃)အခြားဝန်ဆောင်မှုကဏ္ဍတွင် ၆.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၄)ကုန်သွယ်မှုကဏ္ဍတွင် ၃.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

          (ဂ)     တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုးတက်မှု နှုန်းများမှာ ပုံမှန်ဈေးနှုန်း အရ-

                   (၁)ကချင်ပြည်နယ်တွင် ၂.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၂)ကယားပြည်နယ်တွင် ၃.၁ ရာခိုင်နှုန်းလျော့နည်းရန်၊

                   (၃)ကရင်ပြည်နယ်တွင် ၂.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၄)ချင်းပြည်နယ်တွင် ဝ.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၅)စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၆)တနင်္သာရီတိုင်းဒေသကြီးတွင် ၁.၄ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၇)ပဲခူးတိုင်းဒေသကြီးတွင် ၃.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၈)မကွေးတိုင်းဒေသကြီးတွင် ၃.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၉)မန္တလေးတိုင်းဒေသကြီးတွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၀)မွန်ပြည်နယ်တွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၁)ရခိုင်ပြည်နယ်တွင် ၁.၇ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၂)ရန်ကုန်တိုင်းဒေသကြီးတွင် ၅.၆ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၃)ရှမ်းပြည်နယ်တွင် ၂.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၄) ဧရာဝတီတိုင်းဒေသကြီးတွင် ၂.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

                   (၁၅) နေပြည်တော်ကောင်စီနယ်မြေတွင် ၅.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

          (ဃ)   စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက် ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၂၂.၇ ရာခိုင်နှုန်းမှ ၂၂.၆ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၇.၄ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၉.၇ ရာခိုင်နှုန်းမှ ၄၀.၀ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးဖြစ်ပေါ်စေရန်၊

          (င)နိုင်ငံပိုင်အခန်းမှ ကျပ် ၇၆၂၆.၈ ဘီလီယံရင်းနှီးမြှုပ်နှံရန်၊

          (စ)နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို အမေရိကန်ဒေါ်လာ ၁၆၇၀၀ သန်းတင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၆၃၀၀ သန်းတင်သွင်းရန်၊

          (ဆ)   လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂၇၄၂၆၄၃ ဖြစ်ပေါ်လာရန်။

အခန်း(၃)

အထွေထွေ

၅။      သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့တွင် ဖော်ပြထားသော စီမံကိန်း ရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ကြရန် ဖြစ်သည်။ ထုတ်လုပ်မှုမှသည် ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ပြည်ပပို့ကုန် တိုးချဲ့တင်ပို့နိုင်ရေး၊ ပြည်တွင်း၌ လိုအပ်သည့် ကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေးအတွက် ရေးဆွဲပြီးဖြစ်သည့် အမျိုးသားပို့ကုန် မဟာဗျူဟာ(၂၀၂၀-၂၀၂၅)နှင့် ချိတ်ဆက်ရေးဆွဲ ဆောင်ရွက်ကြရန်ဖြစ်သည်။ စီမံကိန်း ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ် ရေးဆွဲဆောင်ရွက်နိုင်သည်။

၆။      သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဒေသတွင်းရှိ အလားအလာရှိသည့် ကုန်စည်များ ထုတ်လုပ်မှု တိုးတက်စေရေးကို ဦးတည်ပြီး ဒေသတစ်ခု ထွက်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်ရန်နှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ပြီး ထုတ်လုပ်မှုတွင် အဓိကပါဝင် ဆောင်ရွက်ကြမည့် ထုတ်လုပ်မှု လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုကွန်ရက် (production network) တစ်လျှောက် အချိတ်အဆက်မိမိ ဆောင်ရွက်သွားရန်ဖြစ်သည်။

၇။      သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မူလရေးဆွဲထားသည့် (၅)နှစ် ဖွံ့ဖြိုးမှုစီမံကိန်းကို ကဏ္ဍအလိုက်  ပြန်လည်သုံးသပ်ပြီး ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ လျာထားချက်များကို ကဏ္ဍတစ်ခုနှင့်တစ်ခုအကြား ချိတ်ဆက်၍ ဆောင်ရွက်ရန်ဖြစ်သည်။

၈။      သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ်အကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက် အကောင်အထည်ဖော်ရမည်။ သို့ရာတွင် တင်ပြလာသော စီမံကိန်းများသည် အကျိုးစီးပွားဖြစ်ထွန်းမှု မရှိသောစီမံကိန်းများ ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်တွေ့ရှိပါက အဆိုပါစီမံကိန်းအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့၍ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

၉။      အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၁၀။    သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့်ရေရှည် အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေမည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်သော လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထား ဆောင်ရွက်ရမည်။ ထို့ပြင် မြေပြင်အခြေအနေအရ အရေးပေါ် ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များနှင့် မူလအခြေအနေအတိုင်း ဆောင်ရွက်ရန် အခက်အခဲရှိသည့် ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်နိုင်သည်။

၁၁။    သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ တင်ပြဆောင်ရွက်ရာတွင် သတ်မှတ်ထားသော အင်္ဂါရပ်များနှင့် ဆန်းစစ်ချက်များပြည့်စုံမှသာလျှင် ဆောင်ရွက်ရမည်။

၁၂။    အမျိုးသားစီမံကိန်းတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားစည်းလုံး ညီညွတ်ရေး သို့မဟုတ် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အထောက်အကူပြုသော စီမံကိန်းများနှင့် နိုင်ငံတော်ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်မည့် မဟာဗျူဟာမြောက် စီမံကိန်းများ ပါဝင်ရမည်။

၁၃။    သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည်  အမျိုးသားစီမံကိန်းတွင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနက် ပုဂ္ဂလိက လုပ်ပိုင်ခွင့်အဖြစ် လွှဲပြောင်းပေးသင့်သော စီးပွားရေးလုပ်ငန်းများကို နှစ်အလိုက် လွှဲပြောင်းပေးမည့် စီမံကိန်းများအဖြစ် ထည့်သွင်းရေးဆွဲရမည်။

၁၄။    ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ ပြည်သူများအတွက် အကျိုး ရှိ၊ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု၊ မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုရှိ၊ မရှိ စသည်တို့ကို ဘက်စုံလေ့လာ ဆန်းစစ်ပြီးဖြစ်ရမည့်အပြင် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများလည်း ဖြစ်ရမည်။ နိုင်ငံတော်၏ အကျိုးစီးပွားအတွက် အရေးကြီးလိုအပ်ချက်အရ ဆောင်ရွက်ရသည့် အထူးစီမံကိန်းများနှင့် စီမံကိန်းဘဏ်အတွင်း ထည့်သွင်းစိစစ် အတည်ပြုထားသည့် ဗျူဟာမြောက်စီမံကိန်းများကို နှစ်စဉ်အမျိုးသား စီမံကိန်းတွင် ထည့်သွင်းဖော်ပြရမည်။

၁၅။    သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများအတွက် လျာထားခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ မြို့နယ်အဆင့်မှ စတင်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအပါအဝင် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ရမည်။ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရမည်။

၁၆။  သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဤဥပဒေအရ ထုတ်ပြန်သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပါရှိသည့် နိုင်ငံပိုင်အခန်း ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင်ပါရှိသော ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွနု်ပ်လက်မှတ်ရေးထိုးသည်။

          (ပုံ) မင်းအောင်လှိုင်

          ဗိုလ်ချုပ်မှူးကြီး

          ဥက္ကဋ္ဌ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ