ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် မတ်လအတွင်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုငွေကျပ် ၅၆၅၄ ဒသမ ၇၃၆ သန်းဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၅၆ ဦး ဖန်တီးပေးနိုင်

 

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် မတ်လအတွင်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုငွေကျပ် ၅၆၅၄ ဒသမ ၇၃၆ သန်းဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၅၆ ဦး ဖန်တီးပေးနိုင်

 

ပဲခူး  မတ်  ၃၁

ပဲခူးတိုင်းဒေသကြီး    အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ  လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄)  ကျင်းပသည်။

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်သည့် နေရာဒေသ ကျယ်ဝန်းခြင်း၊    လုပ်သားပေါကြွယ်ဝခြင်း၊ တည်ရှိပြီး စက်ရုံ/အလုပ်ရုံများ၌ အလုပ်ရှင်  အလုပ်သမားပြဿနာ မရှိခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုများ စသည့် အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆက်သွယ် ပြောကြားထားမှုများ ရှိကြောင်း၊ လာရောက်ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းရှင်များအားလုံး အတွက်လည်း လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အဘက်ဘက်မှ  ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိသလို တည်ရှိပြီး လုပ်ငန်းများ ထပ်မံတိုးချဲ့လုပ်ကိုင် လာကြကြောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့် တိုင်းဒေသကြီးအကျိုး၊ နိုင်ငံ့ကောင်းကျိုးရှေးရှု၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ   ပိုမိုတိုးတက်စေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက ရာခိုင်နှုန်းပြည် မြန်မာနိုင်ငံသား  ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် Ayar Yoma Agriculture and Trading Co., Ltd.  မှ   အဆင့်မြင့်ဆန် အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း ရင်းနှီးမြှုပ်နှံမှု  လုပ်ငန်းအသစ်လျှောက်ထားလာမှုနှင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုနှင့် ၂၀၂၄-၂၀၂၅   ဘဏ္ဍာနှစ်အတွင်း   ထပ်မံဝင်ရောက်လာမည့်  ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်ဝင်ရောက်နိုင်ရေး အခွင့်အလမ်းကောင်းများနှင့် လျင်မြန်လွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်နေမှု  အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားကြောင်း  သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် မတ်လအတွင်း    ပြည်တွင်းရင်းနှီး မြှုပ်နှံမှု ငွေကျပ် ၅၆၅၄ ဒသမ ၇၃၆ သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း ၅၆ ဦး ဖန်တီးပေးနိုင်ခဲ့သည်။    တိုင်းဒေသကြီးအတွင်း  ၂၀၂၁  ခုနှစ် ဖေဖော်ဝါရီလ၁ရက်မှ ယနေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၀၁၅ သန်း၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် ၈၁၁၁၁ ဒသမ ၀၁၁ သန်းဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း စုစုပေါင်း  ၁၁၅၃၇  ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း     သတင်းရရှိသည်။