ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 

ပဲခူးတိုင်းဒေသကြီး၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 

ပဲခူး မတ် ၃၁

    ပဲခူးတိုင်းဒေသကြီး   အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက    ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး အတွင်း ရှေးရိုးရာ အစဉ်အလာမပျက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့်  အလေ့အထကောင်းများအတိုင်း   ယခုနှစ်တွင်လည်း မဟာသင်္ကြန်ပွဲတော်ကိုလည်း စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်နှင့်ယိမ်းခွဲခြားလို့ မရသလို ယိမ်းပြိုင်ပွဲများအတွက် ပထမ၊  ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုနှင့် နှစ်သိမ့်ဆုအပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၆၀ ဖြင့် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူများ အားလုံးကို ဌာနဆိုင်ရာမဏ္ဍပ်၁၈ ခုမှ နေ့စဉ်စတုဒိသာများ ကျွေးမွေးလှူဒါန်း သွားမည့်အပြင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ နေ့စဉ်လူဦးရေ ၃၀၀၀ ဦးစာ စတုဒိသာ(ထမင်းနှင့်ဟင်း) ကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ပွဲ တော်လာ ကလေးငယ်များအတွက် ရေလွှာလျှောစီးများလည်း ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆ ဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာ ဌာနများမှ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးရုံများတွင် အရေးပေါ်ဌာနများ၌ လိုအပ်သည့်ဆေးဝါးများ ကြိုတင် ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲများအပြင်  နှစ်ဦးတရားဓမ္မ သဘင်ပွဲများကိုလည်း အစဉ်အလာမပျက် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း၊ မဟာသင်္ကြန်ပွဲတော် ကာလအတွင်း   လုံခြုံရေးအထူး ဂရုပြု ဆောင်ရွက်ကြရန်နှင့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး   အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများက  ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ ရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်း၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေခြင်း၊ ယိမ်းပြိုင်ပွဲ ကျင်းပခြင်း၊ ဆုချီးမြှင့်ခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်း  စသည့်လုပ်ငန်း ကော်မတီအလိုက်  အသီးသီးတင်ပြ ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ  ဖြည့်စွက်မှာကြားသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ရပ်ကွက်/ကျေးရွာအုပ်စု/ဌာနဆိုင်ရာ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ ၁၉ ဖွဲ့၊ ဧည့်ခံဖျော်ဖြေရေး သီးခြားယိမ်းအဖွဲ့လေးဖွဲ့အပြင် မြို့တွင်း၌ သင်္ကြန်ကားဖြင့် ယိမ်းအဖွဲ့နှင့် တေးဂီတအဖွဲ့များက  လိုက်လံဖျော်ဖြေ တင်ဆက်ပေးမည် ဖြစ်ကြောင်း  သတင်းရရှိသည်။