တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ်ပြ

 

တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့် ကျွေးမွေးခြင်း သရုပ်ပြ

 

နေပြည်တော်  မတ်  ၃၁

    တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့်   ကျွေးမွေးခြင်း သရုပ်ပြပွဲကို   ယမန်နေ့နံနက်ပိုင်းက နေပြည်တော် နို့စားနွားမွေးမြူရေး သရုပ်ပြနှင့် မျိုးဖြန့်ဖြူးရေးခြံ၌ ကျင်းပရာ အခမ်းအနားသို့  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ မွေးမြူတောင်သူများ တက်ရောက်ကြသည်။

မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက    အမှာစကား ပြောကြားရာ၌ စီးပွားဖြစ်မွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းများတွင် စုစုပေါင်းကုန်ကျစရိတ် ၏ ၇၀ ရာခိုင်နှုန်းရှိသည့် အစာကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးသည် အရေးကြီးဆုံး အချက်တစ်ခုဖြစ်ကြောင်း၊ ပြည်ပမှ အစာကုန်ကြမ်းများ တင်သွင်းနေမှုကို လျှော့ချနိုင်ရန်နှင့် ပြည်တွင်း၌ထွက်ရှိသည့် မွေးမြူရေး အစာကုန်ကြမ်းများဖြင့် အာဟာရဓာတ်များ ညီညွတ်မျှတစွာ ပါဝင်ပြီး   အရည်အသွေးပြည့်မီသော တိရစ္ဆာန်အစာများကို ထုတ်လုပ်နိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ယနေ့ကျင်းပသည့်  သရုပ်ပြပွဲတွင်  ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသော တောင်သူများ အား  တိရစ္ဆာန် အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ ကောက်ရိုးပြုပြင်ခြင်းနှင့်   ကျွေးမွေးခြင်းကို လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးနွေးပေးမည် ဖြစ်ကြောင်း၊ မွေးမြူရေးတောင်သူများ အနေဖြင့် သိရှိလိုသည်များ မေးမြန်းသွားကြပြီး မိမိတို့မွေးမြူထားကြသည့် တိရစ္ဆာန်များ၏ အသားနှင့်  နို့ထုတ်လုပ်မှုတိုးတက်စေရန် အာဟာရပြည့် တိရစ္ဆာန်အစာများ ကျွေးမွေးနိုင်မည့် နည်းလမ်းများကို လက်တွေ့အသုံးပြု ဆောင်ရွက်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ ရဲထွန်းဝင်းနှင့် တာဝန်ရှိသူများက  တိရစ္ဆာန် အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် ကျွေးမွေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး  လက်တွေ့သရုပ်ပြသကြရာ မွေးမြူရေး တောင်သူများက သိရှိလိုသည်များကို  စိတ်ဝင်စားစွာမေးမြန်း ဆွေးနွေးခဲ့ကြ သည်။ ဆက်လက်၍ မွေးမြူရေး လုပ်ငန်းရှင်များနှင့် မွေးမြူရေးတောင်သူများ၏ နို့စားနွား မျိုးဖြန့်ဖြူးရေးခြံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

မိုးရေကောင်းစွာရရှိသည့် မိုးရာသီကာလများတွင် တိရစ္ဆာန်များအတွက် အာဟာရ ပြည့်ဝသော မြက်၊ ပြောင်း စသည့် အစာစိမ်းများရရှိသောကြောင့် တိရစ္ဆာန်များ၏ကြီးထွားနှုန်းကောင်းမွန်သဖြင့်  ထုတ်လုပ်မှုမြင့်မားသော်လည်း   ခြောက်သွေ့ကာလများနှင့်  ရေရှားပါးသည့် ဒေသများတွင်  တိရစ္ဆာန်အစာပင်များ ဖြစ်ထွန်းမှုမရှိခြင်း၊  တိရစ္ဆာန် အစာပင်များကောင်းစွာ ရှင်သန်ဖြစ်ထွန်းရန် ခက်ခဲခြင်း၊ တိရစ္ဆာန်အစာပင်များ ထုတ်လုပ်ရန် စရိတ်ကြီးမြင့်ခြင်း တို့ကြောင့် မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သော တိရစ္ဆာန်အစာပမာဏကို အလုံအလောက် ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိရာ စပါးစိုက်ပျိုးသည့် ဒေသတိုင်းတွင်  အလွယ်တကူရရှိနိုင်သော ကောက်ရိုးများကို ပြုပြင်ကျွေးမွေးနိုင်ရေးနှင့် ပြောင်းသီးနှံ   ဘေးထွက်ပစ္စည်းဖြစ်သည့် ပြောင်းရိုးများ၊  တိရစ္ဆာန်အစာပင်များကို တိရစ္ဆာန်အစာချဉ်ဖတ်ပြုလုပ် အသုံးပြုနည်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဖြန့်ဝေပေးလျက်ရှိကြောင်း၊    တိရစ္ဆာန်အစာ ချဉ်ဖတ်ကို စနစ်တကျပြုလုပ် သိုလှောင်ထားမည်ဆိုပါက  ရာသီဥတုအပေါ် မူတည်၍ ၂ နှစ်မှ ၁၀ ခန့်အထိ သိုလှောင်ကျွေးမွေး နိုင်မည်ဖြစ်၍ မွေးမြူရေး လုပ်ငန်းများတွင် ကြုံတွေ့ရလျက်ရှိသည့် အာဟာရပြည့်ဝသော အစာစိုရှားပါးမှုကြောင့် အသားနှင့်နို့ထုတ်လုပ်မှုလျော့ကျခြင်း၊  မျိုးပွားမှုထိခိုက်ခြင်း တို့ကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးကို များစွာအထောက်အကူ ပြုစေနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။