ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သွားရောက်ကြည့်ရှု စစ်ဆေး

 

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သွားရောက်ကြည့်ရှု စစ်ဆေး

 

နေပြည်တော်  မတ်   ၃၁

    လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  မင်္ဂလာဒုံမြို့နယ်ရှိ  စက်မှုယန္တရားဌာနခွဲ    (လှော်ကား)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။          

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ   ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ စက်မှုယန္တရားဌာနခွဲ(လှော်ကား)သို့ ရောက်ရှိရာ တာဝန်ရှိသူများက   စီမံကိန်း လုပ်ငန်းကြီးများတွင် အသုံးပြုနေသည့် စက်ယန္တရား/ယာဉ်များအား   ဘဏ္ဍာရေး နှစ်အလိုက် အကြီးစား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဂိုဒေါင်များအတွင်း စက်အရန်ပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေအားလျှပ်စစ် စီမံကိန်းများသည်  စက်ယန္တရားများကို   အဓိကအား ပြုလုပ်ကိုင်ရသဖြင့် ယန္တရားအလုပ်ရုံများ အနေဖြင့် ပြုပြင်ရမည့် အပိုင်းများကို သေချာစွာပြင်ဆင် သွားရန်နှင့် စက်စွမ်းရည်အပြည့်   အသုံးချနိုင်ရေး ပြင်ဆင်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ပစ္စည်းများ ရရှိ / ထုတ်ပေး / သုံးစွဲ /လက်ကျန်စာရင်းများကိုလည်း  စနစ်တကျ မှတ်တမ်းရေးသွင်း   ထိန်းသိမ်းထားရှိရန် လိုအပ်ပါကြောင်း၊ ပစ္စည်းအဟောင်းများကိုလည်း ဘုတ်အဖွဲ့ ဖွဲ့စည်း၍ ဆယ်တင်ပစ္စည်းနှင့် လေလံတင်ပစ္စည်းဟူ၍   စနစ်တကျခွဲခြားပြီး လေလံတင် ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊   အချို့သော စီမံကိန်းပစ္စည်းများကိုလည်း     မိုးရာသီမရောက်မီပေးပို့ထားရန်   လိုအပ်ကြောင်း၊ နွေရာသီကာလ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး အတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်ပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သွားရန်   လိုအပ်ကြောင်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက် သွားရန်နှင့် ဝန်ထမ်းများ၏ အခက်အခဲများ လွတ်လပ်စွာ တင်ပြနိုင်ရေး တွေ့ဆုံပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများ လစဉ်ပြုလုပ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားရန်    လိုအပ်ကြောင်း  မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်း လုပ်ငန်းကြီးများတွင် အသုံးပြုနေသည့် စက်ယန္တရား/ယာဉ်များ ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေ၊ စက်ယန္တရားကြီးများ၏ အရန်ပစ္စည်းများ   စနစ်တကျ သိုလှောင်ထားရှိမှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။