နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက အာဖဂန်နစ္စတန်အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိ

နိုင်ငံတကာခြေစမ်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက အာဖဂန်နစ္စတန်အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိ

ရန်ကုန်  မတ်  ၃၁

 

နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့  အမျိုးသားအားကစားပြိုင်ပွဲရုံ-၁(သုဝဏ္ဏ)တွင် ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းက ၄ ဂိုး၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း   သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းလုံးအဓိက ကစားသမားအစုံအလင်ဖြင့်ပွဲထွက်လာခဲ့ပြီး မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းအတွက် သွင်းဂိုးများကို အောင်ဇင်ဦးနှင့်မျိုးမင်းစိုးက တစ်ဂိုးစီနှင့် မျိုးသက်အောင်က နှစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့သည် အမျိုးသားအားကစားပြိုင်ပွဲရုံ-၁(သုဝဏ္ဏ)တွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ပြီး ပထမပွဲစဉ်အဖြစ် မတ်လ ၃၀  ရက်က  ကစားခဲ့ရာ အာဖဂန်နစ္စတန်အသင်းက   ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းက    ၄ ဂိုး ၂ ဂိုးဖြင့်   ပြန်လည်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဖဂန်နစ္စတန်အသင်းနှင့် ခြေစမ်းပွဲစဉ်များပြီးလျှင် နိုင်ငံတကာခြေစမ်းပွဲစဉ်များ ကစားရန်နှင့် AFC Futsal Cup 2024 ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကစားမည့် ထိုင်းနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် AFC Futsal Cup 2024 ပြိုင်ပွဲတွင် ထိုင်းအသင်း၊ ဗီယက်နမ်အသင်း၊  တရုတ်အသင်းတို့နှင့်  တစ်အုပ်စုတည်း ကျရောက်နေကြောင်း သိရသည်။                  

                           စည်သူအောင်