ဟော့ဖန်ဟိန်းအသင်းကို နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိပြီးနောက် ယခုဘောလုံးရာသီရှုံးပွဲမရှိစံချိန်ကို လေဗာကူဆင်အသင်း ဆက်လက်ထိန်းထားနိုင်

ဟော့ဖန်ဟိန်းအသင်းကို နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိပြီးနောက် ယခုဘောလုံးရာသီရှုံးပွဲမရှိစံချိန်ကို လေဗာကူဆင်အသင်း ဆက်လက်ထိန်းထားနိုင်

ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်(၂၇)အဖြစ်ကစားသည့် လေဗာကူဆင်အသင်းနှင့် ဟော့ဖန်ဟိန်းအသင်းတို့ပွဲစဉ်တွင် လေဗာကူဆင်အသင်းက နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိပြီးနောက် ယခုဘောလုံးရာသီတွင် ရှုံးပွဲ မရှိသည့် စံချိန်ကောင်းတစ်ရပ်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။

လေဗာကူဆင်အသင်းက ဟော့ဖန်ဟိန်းအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိသည့်ပွဲစဉ်တွင် ဟော့ဖန်ဟိန်း အသင်းက ဘိုင်ယာ၏ သွင်းဂိုးဖြင့် ပွဲချိန်တစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့သော်လည်း    ပွဲချိန်  ၈၈ မိနစ်တွင် လေဗာကူဆင် အသင်းမှ အန်ဒရစ်ချက်က ချေပဂိုးသွင်းယူနိုင်သကဲ့သို့    နာကျင်အချိန်ပိုတစ်မိနစ်တွင် ပက်ထရစ်ရှရှစ်ချ်က    ထပ်မံဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲအပြီးတွင် လေဗာကူဆင်အသင်းက ၂ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး စံချိန်မှတ်တမ်းကောင်းတစ်ရပ်ကို ဆက်လက်ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

လေဗာကူဆင်အသင်းသည် ယခုဘောလုံးရာသီ တွင် နည်းပြအလွန်ဆို၏ ဦးဆောင်မှုနှင့်အတူ ရလဒ် ကောင်းများ ဆက်တိုက်ရရှိနေပြီး ပြိုင်ပွဲစုံ ၃၇ ပွဲကစား ပြီးချိန် ရှုံးပွဲမရှိသေးသည့်  စံချိန်မှတ်တမ်းကောင်း တစ်ရပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

လေဗာကူဆင်အသင်းသည် ယခုဘောလုံးရာသီ တွင် ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲ၌ ၂၇ ပွဲကစားပြီးချိန် တွင် ၂၃ ပွဲနိုင်၊  လေးပွဲသရေ၊ ရမှတ် ၇၃ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်လျက်ရှိပြီး ယူရိုပါလိဂ်ပြိုင်ပွဲ တွင်လည်း ပွဲစဉ်အားလုံးအနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားသကဲ့သို့ ဂျာမန်ပိုကယ် ဖလားပြိုင်ပွဲတွင်လည်း ရှုံးပွဲမရှိသေးဘဲ     ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့သည်။

လေဗာကူဆင်အသင်းသည် ဂျာမန်ဘွန်ဒက်လီဂါ ပြိုင်ပွဲတွင် ရမှတ် ၇၃ မှတ်ရရှိထားသည့်အတွက် အသင်းသမိုင်းတစ်လျှောက် ၁၉၉၉-၂၀၀၀ ဘောလုံးရာသီက တင်ထားခဲ့သည့် ရမှတ်အများဆုံး ဘောလုံးရာသီ မှတ်တမ်းကိုလည်း လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။                  

    Ref;B/R Football