ရုရှားက နေတိုးအား တိုက်ရိုက်ခြိမ်းခြောက်နေခြင်းမရှိဟု ရေတပ်ဗိုလ်ချုပ်ရော့ဘ်ဘားအားပြောကြား
ရုရှားနိုင်ငံသည် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများသို့ တိုက်ခိုက်ရန်ပြင်ဆင်နေခြင်းမရှိ သောကြောင့် စစ်ရေးမဟာမိတ်အဖွဲ့အား တိုက်ရိုက်ခြိမ်းခြောက်နေခြင်း မရှိကြောင်း နေတိုးတပ်ဖွဲ့၏ စစ်ရေးကော်မတီ အကြီးအကဲ နယ်သာလန်ရေတပ်ဗိုလ်ချုပ် ရော့ဘ်ဘားအားက ပြောသည်။
ရုရှားနိုင်ငံသည် လက်ရှိတွင် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအပေါ် တိုက်ခိုက်ရန်စီစဉ်နေခြင်း မရှိကြောင်း၊ ထို့ကြောင့် ယင်းနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများအား တိုက်ရိုက်ခြိမ်းခြောက်နေသည့် နိုင်ငံဖြစ်သည်ဟု ထင်မြင်မိခြင်း မရှိကြောင်း ရော့ဘ်ဘားအားက ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းက လက်ဗီးယားနိုင်ငံ၊ ရီးဂါမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
သို့ရာတွင် အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရုရှားနိုင်ငံသည် လာမည့်နှစ်ပိုင်းအတွင်း နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအား တိုက်ခိုက် လာနိုင်သည်ဟု အနောက်နိုင်ငံများမှ ကျွမ်းကျင်သူများက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း၌ သတိပေးပြောကြားပြီး နောက်ပိုင်းတွင် ရေတပ်ဗိုလ်ချုပ် ရော့ဘ်ဘားအား၏ တုံ့ပြန်ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် အနောက်နိုင်ငံများမှ ကျွမ်းကျင်သူများ၏ အဆိုပါ ခန့်မှန်းပြောဆိုချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြင်းဆိုခဲ့ပြီး ထိုသို့သော ပြောဆိုချက်များသည် အနောက်အင်အားကြီး နိုင်ငံများထံမှ ငွေကြေးထောက်ပံ့မှုရရှိရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ပူတင်က တုံ့ပြန်ထားကြောင်း သိရသည်။
Ref: RT