ယူကရိန်းလက်နက်ကိုင်ပဋိပက္ခကို ပိုမိုဆိုးရွားစေရန် ဖန်တီးနေသည့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ

ယူကရိန်းလက်နက်ကိုင်ပဋိပက္ခကို ပိုမိုဆိုးရွားစေရန် ဖန်တီးနေသည့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ

ပြင်သစ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ လက်နက်ပစ္စည်းများ ထပ်မံပေးပို့မည်ဟု မတ်လ ၃၁ ရက်တွင်  တရားဝင်ထုတ်ပြန် ကြေညာခဲ့ရာ    ပြင်သစ်အစိုးရ၏ လုပ်ဆောင်ချက်သည်   လက်ရှိဖြစ်ပွားနေသည့်   လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်စေရန်  အထောက်အကူပြုခြင်းမရှိသည့်အပြင်  ပိုမိုဆိုးရွားစေရန် ဖန်တီးနေခြင်း ဖြစ်သည်ဟူသော  ပြောဆိုချက်များ ထွက်ပေါ်လာသည်။

ပြင်သစ်အစိုးရသည် ၎င်းတို့၏ နိုင်ငံတွင်းသုံး လက်နက်အဟောင်းများဖြစ်သည့် သံချပ်ကာယာဉ်များနှင့်   မြေပြင်မှ ဝေဟင်ပစ်ခတ်နိုင်သည့်  ဒုံးကျည်အသစ်များကို ယူကရိန်းသို့ လွှဲပြောင်းပေးမည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး  ဆက်ဘေးရှန်းလီကော်နူက    ကြေညာခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အစိုးရ၏ လက်နက်ထောက်ပံ့ရေး အစီအစဉ်သည် ပြင်သစ်သမ္မတ အီမန် နျူရယ်မက်ခရွန်နှင့် ယူကရိန်းသမ္မတတို့ တွေ့ဆုံပြီးနောက် ယူကရိန်းက ၎င်းတို့အား လက်နက်များ ထောက်ပံ့ပေးရန်  ပြင်သစ်အစိုးရကို တောင်းဆိုခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအစီအစဉ်အရ ပြင်သစ်အစိုးရက  လက်နက်အဟောင်းများဖြစ်သော်လည်း     ၎င်းတို့နိုင်ငံအတွင်း အသုံးပြုနေဆဲ  လက်နက်ပစ္စည်းများကို ယူကရိန်းသို့ပေးပို့မည်ဖြစ်သည်။

ယူကရိန်းနိုင်ငံသည်   လက်ရှိတွင် အလွန်ရှည်လျားသည့် ရှေ့တန်းစစ်မျက်နှာကို ကာကွယ်နေရခြင်းကြောင့်   သံချပ်ကာယာဉ်များ  လိုအပ်လျက်ရှိကြောင်း၊ သံချပ်ကာယာဉ်များကို   ထိရောက်စွာ အသုံးပြုနိုင်ခြင်းသည်  စစ်သည်များအား လျင်မြန်စွာ   တပ်ဖြန့်နိုင်ရေးအတွက် အလွန်အရေးပါသောကြောင့်   ယူကရိန်းအစိုးရ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း  ပြင်သစ်ကဆိုသည်။

သို့သော် ပြင်သစ်အစိုးရ၏ အဆိုပါ လုပ်ဆောင်ချက်သည်   လက်ရှိဆက်လက်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကို ပိုမိုရှည်ကြာစေမည်ဖြစ်ပြီး ယူကရိန်းနှင့်ရုရှားတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် တစ်ရပ်ချမှတ်ရန်    တောင်းဆိုခြင်းကိုပါ  အဟန့်အတား ဖြစ်စေနိုင်မည်ဖြစ်သည်။

သို့သော် ပြင်သစ်အစိုးရသည် ယခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ရှေ့တန်းစစ်မျက်နှာသုံး VAB  သံချပ်ကာယာဉ် ရာပေါင်းများစွာကို  ယူကရိန်းသို့  ပေးပို့ရန် စီစဉ်နေသည်။ ပြင်သစ်တပ်မတော်သည် အဆိုပါ သံချပ်ကာယာဉ်များကို  ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှစ၍  အသုံးပြုခြင်းဖြစ်ပြီး ၎င်းင်းတို့အား ဘက်စုံသုံးသံချပ်ကာ လူသယ်ယာဉ်များအဖြစ်  မှန်မှန်အဆင့် မြှင့်တင်လေ့ရှိသည်။ သို့သော်  ယခုအခါ အဆိုပါ သံချပ်ကာယာဉ်ဟောင်းများကို ယူကရိန်းသို့ပေးပို့မည် ဖြစ်သည်။

ထို့ပြင် ပြင်သစ်အစိုးရသည် ယူကရိန်းသို့ ပထမအသုတ်အဖြစ်  Aster 30 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များကိုပေးပို့မည်ဖြစ်ရာ ရုရှားအား အမျက်ဒေါသ ထွက်စေခဲ့သည်။ ယင်းဒုံးကျည်များသည် အကွာအဝေး  ၁၂၀  ကီလိုမီတာအတွင်း ပျံသန်းလာသည့် စစ်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ် သို့မဟုတ် ဒရုန်းများ၊ ခရုစ်ဒုံးကျည်များကို ကြားဖြတ်တားဆီးနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။

အလားတူပင် ဥရောပနိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့်  နယ်သာလန်အနေဖြင့်လည်း ၎င်းတို့၏ Patriot    ဒုံးကျည်ကာကွယ်ရေး စနစ်တစ်ခုကို  ရုရှားနယ်စပ်အနီးတွင် ဖြန့်ကြက်မည်ဖြစ်သည်။ အဆိုပါ ဒုံးကျည်စနစ်ကို   လစ်သူယေးနီးယားနိုင်ငံတွင် ဖြန့်ကြက်မည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် နယ်သာလန်နှင့် လစ်သူယေးနီးယားတို့ကြား နွေရာသီလေတပ်စစ်ရေးလေ့ကျင့်မှုအတွက်ဖြစ်သည်ဟု နယ်သာလန်စစ်ဘက်က  ဆိုထားသော်လည်း  ယင်းလုပ်ဆောင်ချက်ကို  ရုရှားကခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှုမြင်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်အခြေစိုက် စီအိုင်အေအဖွဲ့သည် လက်ရှိတွင် ရုရှားနိုင်ငံ အားချည့်နဲ့စေရန်အတွက် ယူကရိန်း နိုင်ငံအတွင်း၌ လျှို့ဝှက်အခြေစိုက်စခန်း ၁၂  ခုအား ဖွင့်လှစ်၍  လှုပ်ရှားလျက်ရှိသည်။ ယင်းအခြေစိုက်စခန်းများ  အကြောင်းကို New York  Times သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စီအိုင်အေအဖွဲ့သည်  ယူကရိန်း ထောက်လှမ်းရေး  အဖွဲ့ဝင်များအား မြေအောက်ဘန်ကာများအတွင်း၌ လေ့ကျင့်သင်ကြားပေးခြင်းနှင့်  လက်နက်တပ်ဆင် ပေးခြင်းတို့ကိုပါ  လုပ်ဆောင်လျက်ရှိရာ အမေရိကန ်အပါအဝင်  နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား ဆက်ဆံရေးမှာ  ခန့်မှန်း၍မရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ပြင်သစ်၊  နယ်သာလန်နှင့် အမေရိကန်တို့၏ လုပ်ဆောင်ချက်များသည် လက်ရှိဖြစ်ပွားနေဆဲဖြစ်သည့်  လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်စေရေးကို မည်သို့မျှ အထောက်အကူပြုခြင်းမရှိဟု လေ့လာသူများက ထောက်ပြထားခြင်းဖြစ်သည်။

ထို့ပြင်  နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်လုံခြုံရေးကို ခြိမ်းခြောက်လာပါက နျူကလီးယား လက်နက်များကို အသုံးပြုမည်ဟု  ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးထားသည်။

ပူတင်အနေဖြင့် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သည့် အနေဖြင့်  ထိုသို့သော  သတိပေးချက်ကို ယခုနှစ် မတ်လ  ၁၃ ရက်တွင် ထပ်မံထုတ်ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

စင်စစ်တွင်   ရုရှားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များအား အသုံးပြုရန် လိုအပ်မှုမရှိသော်လည်း နေတိုးတပ်ဖွဲ့ဝင် နိုင်ငံအချို့၏   လုပ်ဆောင်ချက်များကြောင့်   နိုင်ငံ၏အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့်   လုံခြုံရေးကို ကာကွယ်ရန် အတွက် နျူကလီးယားလက်နက် အပါအဝင် လုပ်ဆောင်နိုင်သည့်   နည်းလမ်းအားလုံးကို အသုံးပြုရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

ထို့ပြင် အချို့အနောက်နိုင်ငံများအနေဖြင့် ရုရှားအရေးနှင့်စပ်လျဉ်း၍ ကန့်သတ်ချက်များ မရှိဟု ပြောဆိုထားသလို ရုရှားအနေဖြင့်လည်း   ယင်းနိုင်ငံများအား တုံ့ပြန်ရန်အတွက်   ကန့်သတ်ချက်များ မရှိကြောင်း   နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများကို ရည်ညွှန်း၍ ပူတင်ကဆက်လက် ပြောကြားထားခြင်းသည်   နေတိုးအဖွဲ့ဝင် နိုင်ငံများအတွက် သတိပေးနေသကဲ့သို့ ရှိနေသည်။

ရုရှားအနေဖြင့် အထူးသဖြင့် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခတွင်    အနောက် နိုင်ငံများက  နက်ရှိုင်းစွာ ပါဝင်နေမှုအပေါ် သတိပေးခြင်းဖြစ်ပြီး   နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများ၏  လုပ်ဆောင်ချက်များကိုလည်း ရုရှားက  အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ထို့ကြောင့်  နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက   ယူကရိန်းအား လက်နက်များ ဆက်လက်  ထောက်ပံ့ပေးနေခြင်းသည် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲအား ဖြေရှင်းရန်  အထောက်အပံ့ဖြစ်စေခြင်းမရှိဘဲ ပိုမိုဆိုးရွားစေရန်   ဖန်တီးနေခြင်းသာဖြစ်ကြောင်း  လေ့လာသူများက ထောက်ပြနေခြင်းဖြစ်သည်။

ထို့ပြင် နေတိုးတပ်ဖွဲ့၏  အထောက်အပံ့ကိုရရှိနေသည့်  ယူကရိန်းနှင့် ၎င်း၏မဟာမိတ် အနောက်နိုင်ငံ များအနေဖြင့် နောက်ဆုံးတွင်  ရုရှားက  ချမှတ်သည့် သတ်မှတ်ချက်များ ပါဝင်သော  သဘောတူညီချက် တစ်ရပ်ကို သဘောတူညီရမည် ဖြစ်သည်ဟု  သမ္မတပူတင်က ဆက်လက် ပြောကြားထားရာ   နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများ၏ လုပ်ဆောင်ချက်များကို ရုရှားက သတိထားစောင့်ကြည့်၍  လိုအပ်သည့် တုံ့ပြန်မှုများကို လုပ်ဆောင်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Ref: RT,ST