ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် ဒေသ ထွက်ကုန်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် ဒေသ ထွက်ကုန်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး  မတ်  ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် ဒေသထွက်ကုန် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သဲကုန်းမြို့နယ် ဝက်ပုတ်မြို့ ရွှေညောင်ပင် လမ်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော “အမေသီတာ” ပြည်တွင်းထုတ် မြေပဲပေါင်းဆီစက်မှ  ဆီထုတ်လုပ်နေမှုနှင့် ပဲကြော်လုပ်ငန်းတို့အား   ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသထွက်မြေပဲအား ကုန်ကြမ်းအဖြစ်တင်ပို့နေမှုအစား မြေပဲဆီသန့်အား တိုးချဲ့ထုတ်လုပ် တင်ပို့နိုင်ရေးဆောင်ရွက်ရန်နှင့် ပဲကြော်လုပ်ငန်းများအတွက် ထုပ်ပိုးမှုစနစ် အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် “ထူးမွန်” ကျောက်ဖရုံယို လုပ်ငန်းသို့ သွားရောက်၍ ပိဿာချိန်အလိုက်  ကုန်ပစ္စည်းပို့မှုအစား ထုပ်ပိုးမှုဆိုဒ်မျိုးစုံဖြင့်  ဈေးကွက် အတွင်း ဖြန့်ဝေသွားရန်နှင့် ပဲခူးမြို့နှင့်ပြည်မြို့တို့၌ ဖွင့်လှစ်ထားသည့် ဒေသထွက်ကုန်များ အရောင်း စင်တာတွင် ပြသရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပေါင်းတည်မြို့နယ် ကြူတောကန်ကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်နှစ်သုံးသီးစိုက်နေရာတွင် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက ၇၀ စုပေါင်းမြေသြဇာ ကြဲပက်နေမှုနှင့် တမန်းနှိုးခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး မိရိုးဖလာ စိုက်နည်း စနစ်များအစား သိပ္ပံနည်းကျစိုက်နည်းစနစ်များ ပြောင်းလဲခြင်း၊ သက်တမ်းတိုပြီး   ဈေးကွက်ဝင်ကာ   အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်းများကြောင့် ပန်းတိုင် အထွက်နှုန်း ကျော်လွန်ရရှိခဲ့သည်ကို ဒေသခံတောင်သူများအား လက်တွေ့သရုပ်ပြသခြင်း၊ ကန်ထရိုက် လယ်ယာစနစ် ဖော်ဆောင်ပေးခြင်းတို့အား ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား  မှာကြားခဲ့သည်။

ယင်းနောက် “ပြည့်စုံအောင်မြင်” တစ်ရက် ၁၇၅ တန်ကျ ပေါင်းဆန်စက်ရုံသို့ရောက်ရှိခဲ့ပြီး ဆန်အား တန်ဖိုးမြှင့်ထုတ်ကုန်ပေါင်းဆန်အဖြစ် တင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုတိုးတက်ရရှိနိုင်သဖြင့်  တိုင်းဒေသကြီးအတွင်း ရှိပြီးသားပေါင်းဆန်စက်ရုံများအား ပြန်လည်အဆင့်မြှင့်တင်၍ အရှိန်အဟုန် မပြတ်လည်ပတ်နိုင်ရေးဆောင်ရွက်သွားရန်၊ စက်ရုံ/အလုပ်ရုံများ လည်ပတ်ချိန်တွင် လျှပ်စစ်မီးများ  ပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်ရန်နှင့် ဥရောပနိုင်ငံများသို့ အဓိကတင်ပို့သည့် ပေါင်းဆန် ထုတ်လုပ်သည့် ဒေသတွင်းစပါးမျိုးများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက်  နတ်တလင်းမြို့နယ်  ကြခတ်ဝါးရုံကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၈၃ ဒသမ ၄၈ သန်းဖြင့် မြေဧရိယာ ၉၈ ဧကအား  စက်မှုလယ်ယာ စနစ်ကျလယ်ယာ မြေဖော်ထုတ်ဆောင်ရွက်ပြီးစီးမှုနှင့် နွေစပါးစိုက်ပျိုးထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစု များ အချိန်မီရရှိရေးနှင့် ကုန်ထုတ်လုပ်မှုများ ကောင်းမွန်မှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။   ၎င်းနောက်  အုတ်ဖိုမြို့နယ် လင်းလွန်းပင်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ Mobile Solar Pump ပံ့ပိုးပေးခဲ့မှုကြောင့် စားဖိုဆောင်သီးနှံစိုက်ခင်း ဧက ၅၀ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ဈေးကွက်လိုအပ်ချက်များအရ အော်ဂဲနစ် စိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့်  စိုက်ပျိုးသွားရန်နှင့် စားဖိုဆောင်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်ရန် ဂမုန်းချောင်းမှ  လက်ဆွဲရေမြောင်း တူးဖော်ပေးနိုင်ရေး တွက်ချက်တင်ပြပေးရန် တာဝန်ရှိသူများအား  မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(၄၀၁)၊ တင်စိုး(ပဲခူး)