အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

“အဲလိုတော့ မညစ်ပါဘူး၊ ကျွန်တော်ဖြစ်သလိုနေ တတ်၊ စားတတ်ပါတယ်။ ကျွန်တော့်အလုပ်တွေကို ကျွန်တော်ပြီးအောင်လုပ်ရမှာပဲ၊ အပျော်နေတာမှ မဟုတ်ဘဲ၊ အဆိုရှိတယ်လေ၊ ငါဘာကြောင့် တွေး တောပူပန်နေရမှာနည်း၊ ငါ ကိုယ့်အလုပ်ကိုယ်လုပ် မယ်၊ ကမ္ဘာလောကက သူ့အလုပ်ကို လုပ်လိမ့် မည်တဲ့၊ ဒါပဲပေါ့” အောင်က ကြီးကြီးကျယ်ကျယ်တွေ ပြောမိပြန်သည်။

သူတို့အပြန်ခရီးသည် မှောင်နေပေပြီ။ ကိုလတ်က နာရီကို မြှောက်ကြည့်လိုက်တော့ ရှစ်နာရီတောင် ထိုးလု ပြီ။ “အောင်..ခပ်သုတ်သုတ်ပြန်မှပဲ”ဟု ကိုလတ်က သတိပေးသည်။

လမ်းလျှောက်အပြန် တစ်လျှောက်လုံး အောင့်အသံသည် တိတ်ဆိတ်နေသည်။ လျှပ်စစ်မီးရောင်အောက် အလင်းရိပ်နှင့် သစ်ရိပ်အောက်တို့တွင် အောင့်မျက်နှာသည် လင်းတစ်လှည့် မလင်းတစ်လှည့် ဖြစ်နေ သည်။

“ဘာတွေစဉ်းစားနေတာလဲ အောင်၊ အိမ်ကိုလွမ်း သလား၊ ဖေဖေရယ်၊ မေမေရယ်၊ နောက် ဘယ်သူ.. မမကြူရယ်”

“ထပ်..ဝေးသေး၊ ဘယ်တော့မှ မလွမ်းဘူး”

“မမကြူနဲ့ စကားမပြောကြတာ နှစ်နှစ်ရှိသွားတာ ဘာဖြစ်လို့လဲ၊ ဖြစ်လာတဲ့ လတ်တလော အကြောင်း ရင်း ကို ပြောပြပါဦး”

“ဟုတ်သားပဲ၊ ကျွန်တော် အဲဒီအကြောင်းမပြောရ သေးဘူးနော်၊ စကားက ဘေးချော်ချော်သွားပြီး စကားစ ပြတ်သွားလို့၊ ကျွန်တော် ဆယ်တန်းအောင်တဲ့နှစ်ပဲ။”

“ဘကြီးအိမ်ကပြန်တော့ တစ်အိမ်လုံး ဖားသားကြီး ရော၊ ဖားသားမိန်းမကြီးရော သူတို့ကမွေးထားတဲ့ သမီးရော ဝိုင်းပြီးအာကြတာ၊ ကျွန်တော်နဲ့အထွန်း အချစ်တော်ပေါ့၊ ကျွန်တော့်အစ်မကြီးနဲ့ အစ်ကိုအကြီး တွေတောင် ရှိသေးတယ်၊ သူတို့က ကျွန်တော့်ဘက်က တောင် လိုက်ပြောကြသေးတယ်”

“သြော်...တစ်ခုကျန်သွားတယ်၊ တစ်ခု... တစ်ခု၊ ကိုလတ်ကို ကျွန်တော် ထူးဆန်းတာတစ်ခု ပြောပြ ရဦးမယ်၊ စောစောက ကျွန်တော်ပြောပြောနေ တဲ့အစ်မကြီးနဲ့ အစ်ကိုနှစ်ယောက်က ကျွန်တော့်အဖေ နဲ့ ပထမမိန်းမကမွေးတာ၊ ကျွန်တော့်မားသားကြီးက ဒုတိယမိန်းမ၊ ပထမမိန်းမက ဆုံးသွားတယ်၊ ကိုလတ် ရှုပ်သွားလား”

“မရှုပ်ပါဘူး၊ ပြောပါ”

“ကျွန်တော်က အဲဒီအမေကွဲ ဖအေတူမောင်နှမ တွေကျတော့ တည့်ပြန်ရော၊ သူတို့မိသားစုက ရိုးဖြောင့် တယ်၊ မကြူကြူမြင့်လှိုင်လိုမဟုတ်ဘူး၊ ဒါကြောင့် သူတို့ကလည်း ကျွန်တော့်ကိုချစ်တယ်၊ ကျွန်တော်က လည်း  ပြန်ချစ်တယ်၊  အပြန်အလှန်ပဲ၊  ကျွန်တော့်ဖားသားကြီးက   ပထမမိန်းမတုန်းက   သိပ်နိုင်တာပဲ တဲ့။”

“ဒုတိယမိန်းမကျတော့ သူပြားနေတာပဲ၊ ဒါဟာ ဝဋ်လိုက်တာ၊ တစ်အိမ်လုံးက အမေ့သြဇာချည်းပဲ၊ ယောကျ်ားရော သမီးရော ဖားနေကြတာ၊ ခေတ်နဲ့ အံမဝင် ခွင်မကျ အတော်အောက်နေပြီ၊ လွန်ခဲ့တဲ့ အနှစ် ငါးဆယ် ဘူတာမှာကျန်ခဲ့တဲ့အမေ့ကို ဆရာတင်တဲ့ အိမ်ထောင်စုပဲ သွားရောပေါ့၊ အထွန်းကို အမေကျတော့ ခေတ်နဲ့တူတူလိုက်လာတယ်၊ အထွန်းအတွက် ကောင်းတာပေါ့”

“ကျွန်တော်ပြောတာက အတွေးအခေါ်ပြောတာပါ၊ အဝတ်အစားကျတော့ ကျွန်တော့်အမေက မကျန်ရစ် ဘူး၊ တလွဲဆံပင်ကောင်းတယ်ဆိုတာ ဒါမျိုးပေါ့၊ အိမ် မှာ အဝတ်အစားဝတ်တာ  ဖားသားကြီးအကြိုက်နေ ပြီး  အတွေးအခေါ်က  အမေ့အကြိုက်လိုက်နေတာ မမကြူ။”

“ကျွန်တော့်ကို အထွန်းလို ဆင်းရဲသား သားသမီး မျိုးနဲ့ပေါင်းတာ မကြိုက်ဘူး၊ တတွဲတွဲနေပြန်တော့ အချစ်တော်လို့ စွပ်စွဲကြပြန်ရော၊ ကျွန်တော့်ကို ဒီလို စွပ်စွဲတာလောက် စိတ်ဆိုးတာမရှိဘူး၊ အောက်တန်း ကျတယ်။”

“ကျွန်တော်ဖြင့် ဒေါသဖြစ်လွန်းလို့ အဖက်လုပ် တောင်မဖြေရှင်းဘူး၊ ဖြေရှင်းဖို့မှမလိုတာ၊ ကြူကြူက လည်း ကျွန်တော့်ကို လေချိုတသွေးသွေးနဲ့ နှက်နေ ပြန်ရော”

မိုးရိပ်တို့သည် မည်းလာသဖြင့် ကိုလတ်သည် ပိုက်ဆံရှင်းကာ ကပျာကယာထိုင်နေရာမှထွက်လေ သည်။ အောင်၏ စကားစသည် ပြတ်သွားပြန်သည်။ တိမ်မည်းညိုတို့သည် လပြည့်ဝန်းကို ဖုံးအုပ်သွားပြီ ဖြစ်သည်။

အခန်း (၁၈)

အဲဒီနေ့ညနေက ဒီနေ့လို နယုန်လပြည့်နေ့ပဲ။ တိုက်ဆိုင်လိုက်တာနော်။ ဒီနေ့ဆို နှစ်နှစ်တင်းတင်း ပြည့်ပြီပေါ့။

အောင့်အဖို့ သူငယ်စဉ်က အကြောင်းအရာများသည် အမှတ်တရဖြစ်လှသည်။ သူတစ်ခါတလေ ပြန်ပြောရမှာ သေးငယ်သည်ထင်ပြီး အရေးတကြီးမရှိပါ ဘူးဆိုသော အကြောင်းအရာတချို့သည် စိတ်ဝင်စားဖွယ်ဖြစ်နေတာကို သိရသည်။

ဆက်လက်ဖော်ပြပါမည်။