သင်္ကြန်ကာလအတွင်း ချောင်းသာကမ်းခြေသို့လာရောက် လည်ပတ်ရန် ဟိုတယ်အခန်းကြိုတင်မှာယူသူ များပြား

သင်္ကြန်ကာလအတွင်း ချောင်းသာကမ်းခြေသို့လာရောက် လည်ပတ်ရန် ဟိုတယ်အခန်းကြိုတင်မှာယူသူ များပြား

ရန်ကုန်   မတ်   ၃၁

မကြာမီရောက်ရှိမည့် မဟာသင်္ကြန်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့ရှိ ချောင်းသာ ကမ်းခြေသို့ လာရောက်လည်ပတ် အပန်းဖြေရန်အတွက် ဟိုတယ်အခန်း ကြိုတင်မှာယူသူ များပြား လျက်ရှိကြောင်း သိရသည်။

“ချောင်းသာကမ်းခြေဒေသမှာရှိတဲ့ ဟိုတယ်အခန်းတော်တော်များများက အခန်းပြည့် နီးပါးရောင်းချပြီး ဖြစ်ပါတယ်။ အခုအချိန်မှာ အခန်းရဖို့လည်း တော်တော်ခက်သွားပါပြီ၊ ဒီရက်တွေမှာတော့  ဟိုတယ်တွေ က ဝန်ထမ်းတွေကို ထပ်တိုးခန့်တာတွေလုပ်နေတယ်၊ ဧည့်သည်တွေ အများအပြားလာမှာ ဖြစ်တဲ့ အတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်၊  ဧည့်သည်တွေ စိတ်တိုင်းကျဖြစ်အောင် အစားအသောက်ပိုင်း  ကြိုတင်ပြင်ဆင်တာတွေ၊ ကမ်းခြေသန့်ရှင်း သာယာရေးတွေ၊ ကျွန်းပေါ်သွားရောက် လည်ပတ်တာတို့၊ အနီးအနားရွာတွေ လည်ပတ်တာတို့၊ ဘုတ်စီးတာတို့ အစစအရာရာ အဆင်ပြေဖို့အတွက်လည်း အားလုံးကြိုတင် ပြင်ဆင်နေကြပါတယ်” ဟု ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ချောင်းသာကမ်းခြေသို့ ပြည်တွင်းပြည်ပဧည့်သည်များ ဝင်ရောက်မှုရှိသော်လည်း ပြည်တွင်း ဧည့်သည် များ ပိုမိုကြိုက်နှစ်သက်သည့် ကမ်းခြေတစ်ခုဖြစ်ကြောင်း၊   ယင်းကမ်းခြေသည် တစ်မိုင်ခွဲခန့်အရှည်ရှိပြီး စုစုရုံးရုံး ပျော်ပျော်ရွှင်ရွှင် မိသားစုအဖွဲ့များ၊ သူငယ်ချင်းများ၊ ရုံးအဖွဲ့များ၊ ကုမ္ပဏီများမှ အစုအဖွဲ့တို့ဖြင့် လာရောက် လည်ပတ်ကြကြောင်းလည်း သိရသည်။

ချောင်းသာကမ်းခြေ သန့်ရှင်းသာယာရေးအတွက်ကမ်းခြေတွင် ဈေးရောင်းချကြသည့်ဈေးသည်များအား သတ်မှတ်နေရာများတွင် စနစ်တကျခင်းကျင်းရောင်းချရန်၊ စွန့်ပစ်အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန်နှင့် ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရန် ကမ်းခြေစည်းကမ်း  ထိန်းသိမ်းရေးအဖွဲ့က ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ ဈေးသည်များ၊ ခရီးသွားများ၏ စွန့်ပစ်အမှိုက်များကောက်ရန် ဟိုတယ်ခရီးကလစာပေး၍ ခန့်အပ်ထားမှုများလည်း ရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေသည် ပုသိမ်မြို့အနောက်ဘက် ကီလိုမီတာ ၄၀ အကွာတွင်တည်ရှိပြီး   ရန်ကုန်မြို့မှ ကားဖြင့်လာရောက်ပါက ငါးနာရီခန့်သာ မောင်းနှင်ရကြောင်း၊ ထင်းရှူးပင်၊ အုန်းပင်များနှင့် ထူးခြား လှပပြီး    ခရီးသွားဧည့်သည်များအတွက်   နှစ်သက်ဖွယ်မြင်ကွင်း အလှများနှင့် ပင်လယ် လေနုအေးများ ကို ခံစားနိုင်ကြောင်း၊ ဈေးနှုန်းချိုသာ၍ လတ်ဆက်ပြီးအရသာကောင်းမွန်သော ပင်လယ်စာ အစား အစာများ ပေါများကြောင်းနှင့် ယင်းကမ်းခြေသို့ သင်္ကြန်ရက်များနှင့် နယူးရီးယားရက်များတွင်   ခရီးသည် ဝင်ရောက်မှု ပိုမိုများပြားကြောင်း သိရသည်။

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေတွင် စိတ်အေးချမ်းစွာ အနားယူ အပန်းဖြေရင်း ကမ်းခြေရှိ ဆုတောင်းပြည့် ဇမ္ဗူပတိရုပ်ပွားတော်အား ကြည်ညို သပ္ပာယ်စွာ ဖူးမြော်နိုင် ကြောင်း၊ ချောင်းသာကမ်းခြေအပြင် ဖိုးကုလားကျွန်းနှင့် သဲဖြူကျွန်းရေလယ်ဘုရားတို့သို့ စက်လှေ၊  မော်တော်ဘုတ်တို့ဖြင့် သွားရောက်လည်ပတ်နိုင်ကြောင်းနှင့် ကျောက်မောင်နှမဘုရားသို့ကား၊ သုံးဘီး ဆိုင်ကယ်၊ ဆိုင်ကယ်များစီး၍ သွားရောက် အပန်းဖြေနိုင်ကြောင်းလည်း သိရသည်။

ဝန်းရံခ