အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုဆူဗြန်တို ဂျပန်နိုင်ငံသို့သွားရောက်မည်

အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝိုဆူဗြန်တို ဂျပန်နိုင်ငံသို့သွားရောက်မည်

အင်ဒိုနီးရှားသမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ပရာဘိုဝိုဆူဗြန်တိုသည် ဂျပန်နိုင်ငံသို့ ဧပြီလ ၂ ရက်မှ ၃ ရက်အထိ သွားရောက်လည်ပတ်မည်ဖြစ်ပြီး   ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နှင့်  အင်ဒိုနီးရှားနိုင်ငံတို့သည် အခြေခံစည်းမျဉ်းများနှင့် စံတန်ဖိုးများကို ဝေမျှဖလှယ်လျက်ရှိသည့်  မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် နိုင်ငံများဖြစ်ပြီး သမ္မတသစ် ပရာဘိုဝို ဆူဗြန်တို၏ ဂျပန်ခရီးစဉ်သည် နှစ်နိုင်ငံကြားကဏ္ဍစုံပူးပေါင်း ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်ပေးနိုင်မည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧပြီလ ၁ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို ဆူဗြန်တိုသည်  ၎င်း၏  ဂျပန်နိုင်ငံခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံသို့ ဧပြီလ ၁ ရက်တွင်သွားရောက်၍ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ ပရာဘိုဝို ဆူဗြန်တိုသည် အင်ဒိုနီးရှားနိုင်ငံ၌  ကျင်းပခဲ့သည့်  သမ္မတရွေးကောက်ပွဲ၌ လက်ရှိသမ္မတဂျိုကိုဝီဒိုဒိုကို အနိုင်ရရှိပြီးနောက် ၎င်း၏ ပထမဆုံးသော ပြည်ပခရီးစဉ်များကို စတင်ခဲ့ခြင်းဖြစ်သည်။

သမ္မတသစ် ပရာဘိုဝို ဆူဗြန်တိုသည် အင်ဒိုနီးရှားအထူးတပ်ဖွဲ့မှ တပ်မှူးဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိကာကွယ်ရေးဝန်ကြီး တာဝန်ကိုပါ ထမ်းဆောင်နေသူဖြစ်ရာ ၎င်း၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူကီဟာရာနှင့်လည်း  တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဂျပန်   Jiji    သတင်းဌာနက ထုတ်ပြန်သည်။

ဂျပန်အစိုးရသည် အင်အားကြီးထွားလာပြီး လွှမ်းမိုးမှုချဲ့ထွင်လာသည့် တရုတ်နိုင်ငံအား တန်ပြန်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကြိုးပမ်းလာစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံသည် ကာကွယ်ရေးပစ္စည်း လွှဲပြောင်းပေးရေး သဘောတူညီချက် တစ်ရပ်ကို ၂၀၂၁ ခုနှစ်အတွင်းက ဂျပန်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Ref: ST