တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုအား ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကြည့်ရှုစစ်ဆေး

တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှုအား ဒုတိယဝန်ကြီး ဦးအောင်မြိုင် ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဧပြီ  ၁

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် မြန်မာ့မီးရထား အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ ယနေ့တွင် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်းမိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု၊ အဆိုပါရထားလမ်းပိုင်းရှိ ဘူတာများ၊ ယာဒ်ဝင်းများနှင့် ရထားလမ်းတံတားများ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် တောင်ငူ- နေပြည်တော်ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့် တင်ပြေးဆွဲနိုင်ရေး အဆင့်မြှင့်တင်ပြုပြင်နေမှု အခြေအနေများကို  RBE   ရထားဖြင့် လိုက်ပါစီးနင်း၍ စစ်ဆေးပြီး ရထားလမ်းကောင်းမွန်ရန်အတွက် ကျောက်ပါကင်ရိုက်ခြင်းသည် အဓိကကျ အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်အတွက် စနစ်တကျကျောက်ဖြည့်တင်း၍ Hand Tamping Machine အပြင် Automatic Levelingç Lining & Tamping Machine (ALLTM) စက်ကြီးများဖြင့် ကျောက်ပါကင်ရိုက်ခြင်းလုပ်ငန်းကို  သေချာစွာဆောင်ရွက်ရန်၊ ကွေ့နေရာများတွင် Alignment နှင့်  Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ ပြုပြင်ဆောင်ရွက်သွားရန်၊ Bolt & Nut များ ကောင်း/မကောင်း စစ်ဆေး၍ လဲလှယ်သွားရန်နှင့် တံတားများရှိလဲလှယ်ရန် ကျန်သည့်ဆွေးမြည့်နေသည့် သစ်သားဇလီဖားတုံးများ အမြန်လဲလှယ် ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးသည် တောင်ငူမီးရထားတိုင်းရုံး၌ မြန်မာ့မီးရထားတိုင်းအဆင့်အရာထမ်းများနှင့် တွေ့ဆုံ၍ မိမိတိုင်း နယ်မြေအတွင်း ရထားမတော်တဆမှုများဖြစ်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဝန်ထမ်းများမွမ်းမံသင်တန်းပေးခြင်း၊ Maintenance Manual များအတိုင်း ပြုပြင်ထိန်းသိမ်းခြင်းများ ပုံမှန်ဆောင်ရွက်ခြင်း၊  Simi Mechanize စနစ်ဖြင့် ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးရာတွင်လည်း Service Manual များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းတစ်လျှောက်ရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး  ရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျ စစ်ဆေးဆောင်ရွက် သွားရန်ဆွေးနွေးမှာကြားသည်။

ထို့ပြင်  ရထားများဝင်ချိန်/ထွက်ချိန် မှန်ကန်စေရေး၊ ဘူတာများသန့်ရှင်းသပ်ရပ်မှု ရှိစေရန်နှင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွားလာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်း ဆောင်ရွက်သွားရန်၊ အိမ်ရာကြီးကြပ်ရေးအဖွဲ့ စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီး ပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်နှင့်    မြန်မာ့မီးရထားရှိ ဆေးရုံ၊ ဆေးပေးခန်းများတွင် ဝန်ထမ်းမိသားစုများ ပုံမှန်ဆေးကုသနိုင်ရေးစနစ်တကျ စီစဉ်ဆောင်ရွက် ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း   သိရသည်။