MMQR (Digital Payment Switch) အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

MMQR (Digital Payment Switch) အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

နေပြည်တော်  ဧပြီ   ၁

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် MMQR (Digital Payment Switch) အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းသည်။

ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ    ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ MMQR (Digital Payment Switch) အကောင်အထည်ဖော်ခြင်းနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ဘဏ်များမှ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ နည်းပညာပိုင်းဆိုင်ရာ  တာဝန်ယူဆောင်ရွက်လျက်ရှိသည့် Payplus Co., Ltd.၊ BPC Ltd. နှင့် Adaman Capital Partners  Co.,Ltd. တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက  မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် MMQR (Digital Payment Switch) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ Project တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် Payplus Co., Ltd . BPC Ltd .နှင့် Adaman Capital Partners  Co., Ltd.  များမှ တာဝန်ရှိသူများအနေဖြင့်  တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်မှသာ ဗဟိုဘဏ်မှချမှတ်ထားသည့် စီမံကိန်းကို သတ်မှတ်ထားသည့်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ Application နှင့် Software Testing ပိုင်းဆိုင်ရာ တာဝန်ယူ ဆောင်ရွက်နေသည့် BPC Ltd. နှင့် Adaman Capital Partners   Co.,  Ltd. တို့အနေဖြင့်လည်း  သတ်မှတ်ချိန် (Timeline)အပေါ် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အလိုက်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တိကျမှန်ကန်စွာတင်ပြရန် လိုအပ်ပြီး စီမံကိန်းတွင်ပါဝင်သည့်   အဖွဲ့ဝင်များမှလည်း   အချင်းချင်းတညီတညွတ်တည်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ Payplus Co., Ltd. အနေဖြင့်လည်းကောင်း၊ နည်းပညာ အဖွဲ့ဝင်များ အနေဖြင့်လည်းကောင်း၊ ချိတ် ဆက်ပါဝင်ဆောင်ရွက်ကြမည့် ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စားငွေကောက်ခံ ရှင်းလင်းသည့်  ဝန်ဆောင်မှုလုပ်ငန်းများ အနေဖြင့်လည်းကောင်း MMQR (Digital Payment Switch) နှင့် ချိတ်ဆက်နိုင်ရေး အတွက် ပါဝင်ဆောင်ရွက်ရာ၌ ကြုံတွေ့နေရသည့် အခက်အခဲနှင့် အခြေအနေကို တင်ပြရန် လိုအပ်မည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက်   Payplus Co.Ltd. က Application အချင်းအချင်း အပြန်အလှန်ပေးချေမှုများကို   Transaction အမျိုးအစားအလိုက် End to End Demonstration ပြသပြီး ဥက္ကဋ္ဌ၏ မှာကြားချက်အတိုင်း  သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရန်အတွက်  သင်္ကြန်ပိတ်ရက်များ အပါအဝင် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ လူအင်အားနှင့် အရင်းအမြစ်များ   (Resource) ထည့်သွင်း၍  ဆောင်ရွက်နေပါကြောင်း၊ Develop ပြုလုပ်ရမည့် အပိုင်းများရှိသည့်အတွက်  စီမံကိန်းပြီးဆုံးမည့် ကာလအား ၂၀၂၄ခုနှစ် သြဂုတ်လကုန်အထိ    သတ်မှတ်ပေးရန်လိုပါကြောင်း၊  ၎င်းကာလအတွင်း MMQR ဖြင့်ပေးချေမှုများအား အချင်းချင်းအပြန်အလှန်ချိတ်ဆက်နိုင်ရေးအတွက် Offline /Online Testing၊ Production  နှင့် Network ပိုင်းဆိုင်ရာ၊ Cyber Security ပိုင်းဆိုင်ရာများ၊ Third Party Certification လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   တင်ပြသည်။

ယင်းနောက်မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက MMQR (Digital Payment Switch) အတွက်   SIT/UAT စမ်းသပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်များမှ အတည်ပြု ပြီးဖြစ်သည့်အတွက်  သတ်မှတ်ထားသည့် အချိန်အတွင်း ပြီးစီးအောင်မဖြစ်မနေကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရန်၊ ယခု Project မှာ ASEAN  Payment Connectivity နှင့် ဆက်စပ်နေသည့်အတွက် နိုင်ငံတော်အဆင့် Project ဖြစ်သည်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ စီမံကိန်းအားမြန်ဆန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက် ရမည့်လုပ်ငန်းများ ပြီးစီးရန်အတွက် လိုအပ်သည့် လမ်းညွှန်ပေးမှုများ၊ လုပ်ငန်းစတင်နိုင် ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရ မည့်လုပ်ငန်းများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ/အားနည်းချက်များအား ညှိနှိုင်းဖြေရှင်းပေးမည် ဖြစ်သဖြင့် အချိန်မီတင်ပြရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။