ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇) နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ( ၈၇) နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်  ဧပြီ  ၁

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၈၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ကျင်းပရာ   ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊  ပြည်ထောင်စုစာရင်းစစ်ချုပ်   ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်နှင့်ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဤရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး၊ ခရိုင်/မြို့နယ်ဒေသစာရင်းစစ်ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ ဝန်ထမ်းများက Virtual စနစ်ဖြင့်  တက်ရောက်ကြသည်။

အခမ်းအနားတွင်    ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြော ကြားရာတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်   တိုးတက်ကောင်းမွန်စေရေးကို ဦးတည်လျက် ခေတ်အဆက်ဆက်ပြဋ္ဌာန်းခဲ့သည့်ဥပဒေများနှင့်အညီ လုပ်ငန်း တာဝန်များကို ဆောင်ရွက်လာခဲ့သည်မှာ ယနေ့ ဧပြီလ ၁ ရက်တွင် (၈၇) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊  မိမိတို့ရုံးအနေဖြင့် အဓိကလုပ်ငန်းတာဝန်ဖြစ်သည့်  စစ်ဆေးရေး လုပ်ငန်းများကို ခေတ်စနစ်နှင့်ကိုက်ညီသည့်  စစ်ဆေးရေးစံ၊ စစ်ဆေးရေးနည်းလမ်းများဖြင့် ပြောင်းလဲကျင့်သုံး   စစ်ဆေးလျက်ရှိပြီး အထက်အဖွဲ့အစည်းများ၏တာဝန်ပေးမှုနှင့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုအရ စစ်ဆေးခြင်းများကိုလည်း   ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍတွင် စာရင်းပညာဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် သင်တန်းများအပြင် ဘွဲ့လွန်ဒီပလိုမာအဆင့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ - IFRS  သင်တန်း၊ နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ- IPSAS သင်တန်း၊ ဌာနတွင်းစစ်ဆေးခြင်း သင်တန်းများ စသည့်သင်တန်း အမျိုးအစားအသစ်များ တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ ရုံးအစဉ်အလာကောင်းများကို  ဆက်လက်ထိန်းသိမ်းပြီး  မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်၍  အဖွဲ့အစည်းမှ  ချမှတ်ထားသည့် ကျင့်ဝတ်စံတန်ဖိုးများကို လိုက်နာပြီး နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက် နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း   တိုက်တွန်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏  နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းလွှာ Video Clip ဖွင့်လှစ်ပြသခြင်း၊ အထိမ်းအမှတ် သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ကြပြီး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများက နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြပွဲနှင့် ပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက်   ဆုများချီးမြှင့်ရွေးချယ်မှု Video Clip ကို ဖွင့်လှစ်ပြသပြီး  ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန် ရှိသူများက ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တို့မှ ဆုအမျိုးအစားအလိုက် ဆုရရှိသူ ၁၈၇ ဦးကို ဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြကာ  ပြည်ထောင်စုစာရင်းစစ်ချုပ်က  နိဂုံးချုပ်အမှာစကား ပြောကြား၍ ဝန်ထမ်းများ၊ ဆုရရှိသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး   မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း ရင်သွေးငယ်လေးများက ဖျော်ဖြေခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် တေးသီချင်းဖျော်ဖြေရေး အစီအစဉ်များကို  ကျင်းပခဲ့ကြောင်း သိရသည်။