ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် လမ်းညွှန် Shwedagon Pagoda Digital Directory ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်

 

ရွှေတိဂုံစေတီတော် သမိုင်းအချက်အလက်နှင့် လမ်းညွှန်  Shwedagon Pagoda Digital Directory  ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်

 

ရန်ကုန်  ဧပြီ  ၁

ရွှေတိဂုံစေတီတော်  သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်  Shwedagon Pagoda Digital Directory  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရွှေတိဂုံစေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) အောင်မြေ၌   ကျင်းပသည်။

အခမ်းအနားသို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာအကြီး အကဲများနှင့်ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ဒုတိယ ဝန်ကြီးဦးအေးထွန်းနှင့်    အလှည့်ကျ သဘာပတိ ဦးသောင်းဝင်းတို့က  အခမ်းအနားကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီ၊ ပုထိုးများ ဖြစ်သည့် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်၊ ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်နှင့် ပုဂံအာနန္ဒာစေတီ၊ နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်၊ မကွေးမြို့  မြသလွန်စေတီ၊ ပြည်မြို့ ရွှေဆံတော်စေတီနှင့် မြောက်ဦးမြို့ သျှစ်သောင်းဘုရား (၉)ဆူတို့အား Pagoda Digital Directory ပြုလုပ်ထားရှိရေး နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ အဆိုပါလမ်းညွှန်မှာကြားချက် အရ  မြန်မာနိုင်ငံရှိ  အထင်ကရဘုရားများအား Pagoda Digital Directory အဖြစ် အဆင့်မြှင့်တင်ပြသနိုင်ရေး အတွက် ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက် ဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(မကွေး၊ ပြည်၊ တောင်ငူ၊ သထုံ)တို့ ပူးပေါင်း၍ Pagoda Digital Directory Web Portal  လွှင့်တင်နိုင်ရေး စတင်စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊  တစ်ချိန်တည်းမှာပင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မေတ္တာ ရပ်ခံချက်အရ ပဲခူးမြို့ ရွှေမော်ဓောဘုရားကိုပါ ထပ်မံထည့်သွင်း ဆောင်ရွက်ခဲ့သဖြင့် စုစုပေါင်း ၁၀ ဆူကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း။

ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အနေဖြင့် ယခုဖွင့်လှစ်သည့်   Pagoda    Digital Directoryအား  စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ နောက်ထပ်လည်း မူလရည်ရွယ်ထားသည့် ၁၀ ဆူအပြင် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တန်ခိုးကြီးဘုရားများကိုလည်း ဆက်လက်တပ်ဆင် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့ရှိ တန်ခိုးကြီးဘုရားများအား ဆက်လက်တပ်ဆင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အဖွင့်မင်္ဂလာ စကားပြောကြားသည်။

ယင်းနောက်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဝမ်းမြောက်စကား ပြောကြားပြီး  ရွှေတိဂုံစေတီတော်ဆိုင်ရာ Pagoda Digital Directory ဆောင်ရွက် ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ရွှေတိဂုံ စေတီတော်   ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင် ဦးလှမြင့်က လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ရွှေတိဂုံ စေတီတော် သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန် Station ကို စက်ခလုတ်နှိပ်၍ စတင်ဖွင့်လှစ်ပေးကြပြီး  ဘုရားဖူးလမ်းညွှန်အား  စမ်းသပ်အသုံးပြုကြကာ ဘုရားဖူးလမ်းညွှန် Shwedagon Pagoda Digital Directory Stationရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ရွှေတိဂုံစေတီတော်သမိုင်း အချက်အလက်နှင့်   ဘုရားဖူးလမ်းညွှန်  (Shwedagon  Pagoda Digital Directory)  ကို နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်(၈)ရပ်နှင့်အညီ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်ကြီးကြပ် မှုဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က  အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး  ရင်ပြင်တော် အရပ်လေးမျက်နှာရှိ သတ်မှတ်နေရာ အသီးသီးတွင် Station များ တည်ဆောက်၍ အများပြည်သူ စိတ်အေးချမ်းသာစွာ    လေ့လာကြည့်ရှု နိုင်ရန်  ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့သည် ချမ်းသာကြီးတန်ဆောင်း၌ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ ခေတ်အဆက်ဆက်က မှတ်တမ်း ဓာတ်ပုံများ၊  ထူးခြားထင်ရှား နေရာဌာနများနှင့်  ကြည်ညိုဖွယ်ရာ ပုံတော်များကို ဘုရားဖူးလာအများပြည်သူတို့  လေ့လာ ကြည့်ရှုကြည်ညိုပူဇော်နိုင်ရန် အတွက် “လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ အမည်ရသည့် ဓာတ်ပုံပြပွဲ” တွင် ပြသထားသည့် ရွှေတိဂုံစေတီတော်သမိုင်း မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှု ကြသည်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က  ကြီးမှူးကျင်းပသည့် လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံဓာတ်ပုံပြပွဲကို ယနေ့မှ ဧပြီလ ၄ ရက်အထိ စေတီတော်ရင်ပြင်မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်း၌ နံနက်၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသလျက် ရှိကြောင်း သိရသည်။