ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄ သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂၅၆ သန်းကျော်ရရှိခဲ့

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၄ သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂၅၆ သန်းကျော်ရရှိခဲ့

ရန်ကုန်၊ စီးပွားရေး

ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်အထိ ၁၁ လတာကာလအတွင်း  ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှ  ပဲမျိုးစုံတန်ချိန်  ၁ ဒသမ ၄၈ သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂၅၆ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပသို့တင်ပို့ခဲ့သော ပဲအမျိုးအစားများတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေထောက်ပဲ၊ ပဲလွမ်းဖြူ၊ ထောပတ်ပဲ၊ ဗိုလ်ကိတ်ပဲ၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲကြီး၊ ကုလားပဲနှင့် ပဲပုပ်တို့ပါဝင်ကြောင်း၊ အဆိုပါ တင်ပို့သည့် နိုင်ငံများအနက် အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ခဲ့ကြောင်း သိရသည်။

“ဒီဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ မတ်လ ၁ ရက်အထိ ပြည်ပကို ပဲမျိုးစုံတင်ပို့မှုအနေနဲ့ ပင်လယ် ရေကြောင်းကနေ တန်ချိန် ၁ ဒသမ ၃၃ သန်းကျော် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၁၃၁ သန်းကျော် ရရှိခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ  တန်ချိန်  ၁၄၀၀၀၀  ကျော်  တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၂၄ သန်းကျော် ရရှိခဲ့ပါတယ်။ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတို့ကနေ တန်ချိန် ၁ ဒသမ ၄၈ သန်းကျော်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၂၅၆ သန်းကျော် ရရှိခဲ့ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ် ၁၁ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနက် အိန္ဒိယနိုင်ငံသို့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၉၉ သန်းကျော်၊ တရုတ်နိုင်ငံ သို့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၅၉ သန်းကျော်၊   စင်ကာပူနိုင်ငံသို့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၄ သန်းကျော်နှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅၅ သန်းနီးပါးရရှိခဲ့သည်။

မြန်မာနိုင်ငံမှ ပဲမျိုးစုံကို ပြည်ပနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တို့မှ နှစ်စဉ်တင်ပို့လျက်ရှိပြီး စုစုပေါင်း ပဲမျိုးစုံတင်ပို့မှု၏ ၁၂ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံမှ  တင်ပို့ခွင့်ရရှိ ထားကြောင်း သိရသည်။                      

ဆောင်းဦး