ယောဂကျင့်စဉ်နှင့် ကျန်းမာရေး

ယောဂကျင့်စဉ်နှင့် ကျန်းမာရေး

ခေတ်သစ်လူနေမှုပုံစံတွင် စိတ်ဖိစီးမှုများခြင်းသည် သွေးတိုး၊ နှလုံးရောဂါအပါအဝင် အထွေထွေ ကျန်းမာရေးကို ထိခိုက်စေသော အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ လေဖြတ်ခြင်း၊ ကင်ဆာနှင့်သွေးချို၊ ဆီးချိုရောဂါကဲ့သို့သော မကူးစက်နိုင်သော ရောဂါများ သည် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းများဖြစ်ပြီး ယောဂ ကျင့်စဉ်ကို နေ့စဉ်ပုံမှန် ပြုလုပ်ခြင်းအားဖြင့် သိသာစွာလျှော့ချနိုင်ကြောင်း သိရှိလာကြသည်။

အမေရိကန်နိုင်ငံ အခြေပြုလေ့လာမှုများအရ အသိသတိရှိခြင်း Mindful Practice ကိုအခြေခံသော ယောဂကျင့်စဉ်ဖြင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းသည် လူသားများ၏ ကျန်းမာရေး အထူးသဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ပြီး နှလုံးခွဲစိတ်ပြီးနောက် နှလုံးပြန်လည် ထူထောင်ရေး နှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပေးကြောင်း တွေ့ရှိခဲ့သည်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းတို့ကို လျော့နည်းစေသည်။  ယောဂကျင့်ခြင်းသည်  ဇီဝကမ္မဆိုင်ရာ  နိုးကြားမှုကို ဖြစ်စေပြီး  ပိုမိုကောင်းမွန်သော အိပ်စက်ခြင်းနှင့် အစာစားချင်စိတ်ကို ဖြစ်စေသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော အမေရိကန်နှလုံး အဖွဲ့အစည်း၏ သိပ္ပံနည်းကျ သုတေသနအစီရင်ခံစာတွင် တရား ထိုင်ခြင်း၊ ယောဂကျင့်စဉ် ပုံမှန်ပြုလုပ်ခြင်းသည် သွေးပေါင်ချိန်ကိုသိသိသာသာ လျှော့ချနိုင်သဖြင့်     နှလုံးသွေးကြောကျဉ်း ရောဂါလူနာများတွင် နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်းနှင့် ရုတ်တရက် သေဆုံးမှုများကို လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားသည်။ 

ယောဂကျင့်စဉ်သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည့် ရှေးဟောင်း ကျင့်စဉ်တစ်ခုဖြစ်သည်။ ယောဂသည် ရှေးခေတ်အိန္ဒိယနိုင်ငံမှ အစပြုခဲ့သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ နှင့် ဘာသာရေးဆိုင်ရာအလေ့အကျင့်တစ်ခုဖြစ်သည်။ “ယောဂ”(Yoga) ဟူသော ဝေါဟာရ သည် သက္ကတဘာသာမှ ဆင်းသက်လာပြီး ခန္ဓာကိုယ်နှင့် အသိစိတ်တို့၏ ပေါင်းစပ်မှုနှင့် သဟဇာတ ဖြစ်မှုကို ကိုယ်စားပြုသည်။ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ယောဂသည်  “အိန္ဒိယ ရှေးဟောင်း အစဉ်အလာ၏ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခု” ဖြစ်ပြီး “ကျန်းမာသန်စွမ်းသော ကမ္ဘာဂြိုဟ် ကို ဖန်တီးရန် အထောက်အကူဖြစ်စေသည်” ဟု ၂၀၁၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။

အထက်ပါ အဆိုပြုချက်ကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ ကြသည်။

ယောဂပြုလုပ်ခြင်းသည် ကာယလေ့ကျင့်ခန်း တစ်ခုတည်းအတွက် မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် အပြုသဘောဆောင်သော သက်ရောက်မှုရှိသည့်  စိတ်နှင့်ခန္ဓာကိုယ် လေ့ကျင့်မှုတစ်ခု ဖြစ်သည်။ ယောဂကျင့်စဉ်သည် လက်ရှိအချိန်ကိုအာရုံစိုက်၍ စိတ်ဖိစီးမှုနှင့် အဆိုးမြင် စိတ်များမှ လွတ်ကင်းစေရန်သင်ကြားပေးသည့် အလေ့အကျင့်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်နှင့်စိတ် သဟဇာတဖြစ်စေရန် ရည်မှန်းပြီး လူ့ဘဝ၏ အပြုသဘောဆောင်သောတွေးခေါ်မှု၊ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုတို့အထိ အကျုံးဝင်သည့် ယောဂကျင့်စဉ်တစ်ခု ဖြစ်သည်။ လူ၏ ခန္ဓာကိုယ်နှင့် စိတ်ကို ယှဉ်တွဲ၍ လုပ်ဆောင်ရသော အသက်ရှူ လေ့ကျင့်ခန်းများ၊ စိတ်ကိုတည်ငြိမ်စေသော လေ့ကျင့်ခန်းများ၊ ခန္ဓာကိုယ်၏ ပျော့ပျောင်းညင်သာသော ပုံစံအမျိုးမျိုးကို ပြုလုပ်ခြင်းများ ပါဝင်သဖြင့် စိတ်ပင်ပန်းခြင်း နှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချစေနိုင်ခြင်း၊ နှလုံးနှင့် ပတ်သက်သော ကျန်းမာရေးကို ပိုမိုကောင်းမွန် လာနိုင်စေခြင်း၊ ခန္ဓာကိုယ်၏ အသက်ရှူလမ်းကြောင်းဆိုင်ရာ လုပ်ငန်းများတွင် ပိုမိုတိုးတက်လာ စေနိုင်ခြင်းတို့ကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် လာစေနိုင်ပါသည်။

ယနေ့ခေတ်တွင် လူသားတိုင်းအတွက်  စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသည် လွန်စွာ အရေးကြီးသဖြင့် ယောဂကျင့်စဉ်သည် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများဖြစ်သော စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု လျော့နည်းလာခြင်း၊ အာရုံစူးစိုက်မှု အားကောင်းခြင်းနှင့် မိမိကိုယ်ကိုမိမိယုံကြည်မှု၊ ပျော်ရွှင်မှုတို့ကို ရရှိစေနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာအနေဖြင့် ကိုယ်ခန္ဓာစွမ်းအား မြှင့်တင်ပေးပြီး ဖျားနာခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးလည်ပတ်မှု အားကောင်းလာပြီး အသားအရေကြည်လင်ခြင်း၊   ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ပြည့်ဝစွာ ရရှိစေသောကြောင့် ကြွက်သားများ ကျစ်လျစ်သန်မာခြင်း၊  အိပ်ရေး၀၀ အိပ်ပျော်စေခြင်းစသော အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ ယောဂပုံမှန်လုပ်ပါက စွမ်းအင် အဆင့်ဆင့်နှင့် အာရုံစူးစိုက်မှုကို မြှင့်တင်နိုင်ပြီး လူ၏ကိုယ်တွင်းအင်္ဂါများကို သန့်စင်စေကာ ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်၍ ကိုယ်ဟန်အနေအထားကို မြှင့်တင်ပေးနိုင်သည်။ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျော့ကျစေလိုလျှင် ယောဂနှင့် တရားထိုင်ခြင်းကို ပေါင်းစပ် ပြုလုပ်ခြင်းသည် စိတ်ကိုတည်ငြိမ်စေပြီး စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါသည်။ ထို့ပြင်စိတ်ကျ ရောဂါခံစားရမှုကို ပြန်လည်ကောင်းမွန်လာစေနိုင်ခြင်း၊ ခန္ဓာကိုယ်တွင် နှစ်ပေါင်းများစွာ ခံစားနေရသော နာကျင်မှုဝေဒနာများအား လျော့ကျစေနိုင်ခြင်း၊ အိပ်ပျော်စေခြင်း၊ လူ၏ခန္ဓာကိုယ်ရှိ အကြောအဆစ်များ အားလုံး ပျော့ပျောင်း ညင်သာလာခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ သွေးဆုံးခြင်း လက္ခဏာများ၊ အဆစ်အမျက် ရောင်ရမ်းခြင်း၊ ခါးနာခြင်း၊ ကင်ဆာရောဂါ၊ ဓာတ်မတည့်မှု၊ ပန်းနာရင်ကျပ်ရောဂါ၊ အစာအိမ်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ဇီဝဖြစ်စဉ်လက္ခဏာစု၊ သွေးချို၊ ဆီးချိုရောဂါ၊ နှလုံး သွေးကြောဆိုင်ရာ ရောဂါများကို သက်သာစေနိုင်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ် တိုက်ဖျက်နိုင်ရန် ကိုယ်ခံစွမ်းအား ပိုမိုကောင်းမွန်စေရေးအတွက် ယောဂကျင့်စဉ်ကို အထူးဂရုစိုက် လုပ်ဆောင်သင့်သည်။

ယောဂပြုလုပ်ခြင်းသည် စိတ်နှင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိစေနိုင် သောကြောင့်   ကမ္ဘာတစ်ဝန်းတွင်   လူကြိုက်များလာပြီး   ယောဂကျင့်စဉ်ကို  ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံး လာကြသည်။ ယောဂအမျိုးအစားများစွာရှိသော်လည်း Hatha Yoga ကိုအများဆုံး လေ့ကျင့်ကြ သည်။ Hatha Yoga ၏ အဓိက အစိတ်အပိုင်းများတွင် အကြောဆန့်လေ့ကျင့်ခန်းများနှင့် ကိုယ်လက် လှုပ်ရှားမှုများ၊ အသက်ရှူထိန်းချုပ်မှုနှင့် အာရုံစူးစိုက်မှုနည်းစနစ်များ (တရားထိုင်ခြင်း) တို့ပါဝင်သည်။ ယောဂသည်ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးကာ နာတာရှည် ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးသက်သာစေပြီး  ခံနိုင်ရည်ကိုမြှင့်တင်ပေးကာ  ကိုယ်တွင်းအင်္ဂါများနှင့်  ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကျန်းမာရေးကောင်းစေမည့် လူနေမှုပုံစံ တစ်ခုဖြစ်သော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုများကို အထောက်အကူပြုသည့် ယောဂ ကျင့်စဉ်၏ အကျိုးကျေးဇူးများအကြောင်း ဗဟုသုတမျှဝေတင်ပြအပ်ပါသည်။                  

ဒေါက်တာသိင်္ဂီကျော်