မွေးမြူရေးသုတေသန ဦးစီးဌာန၏ ဒုတိယအကြိမ် မွေးမြူရေး သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပ

 

မွေးမြူရေးသုတေသန ဦးစီးဌာန၏ ဒုတိယအကြိမ် မွေးမြူရေး သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပ

 

နေပြည်တော်  ဧပြီ   ၁

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေး သုတေသနဦးစီးဌာန၏ ဒုတိယအကြိမ် မွေးမြူရေး သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသန ဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ သုတေသနစာတမ်း ရှင်များနှင့် သုတေသီများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် လိုအပ် လျက်ရှိသည့်   သုတေသနလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မွေးမြူရေးသုတေသန ဦးစီးဌာနကို ဌာနအသစ် တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့တွင်  နှစ် နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲသည် မြန်မာနိုင်ငံ၏ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် လိုအပ်ချက်များကို သုတေသီများ၊ ပညာရှင်များက ဖော်ထုတ်ဆွေးနွေးနိုင်ကြရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် သုတေသီ အချင်းချင်း ပညာရပ်ဆိုင်ရာများ ဖလှယ်နိုင်သကဲ့သို့ ၎င်းတို့ဆောင်ရွက်မှုမှ ရရှိလာသည့် သုတေသနရလဒ်များကို တစ်နေရာတည်းတွင် စုစည်းဖော်ပြပေးခြင်းဖြင့် အခြားသော လုပ်ငန်းဆက်စပ်သူများ အနေဖြင့် ရည်ညွှန်း ကိုးကားအဖြစ် အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ အလားတူ နည်းပညာအရ သုတေသန ဖော်ထုတ် တွေ့ရှိချက်များကို  လက်တွေ့အသုံးချ သုတေသနများအဖြစ် ပြောင်းလဲပြီး အမှန်တကယ် အသုံးချမည့် မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များ လက်ဝယ်ရောက်ရှိအောင်  ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေး သုတေသနဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ သန်းနိုင်ထွန်း က စာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့် စာတမ်းဖတ်ပွဲဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး စာတမ်းရှင်များက  သုတေသနစာတမ်းများ ဖတ်ကြားတင်ပြကြရာ အခမ်းအနား တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ယနေ့ကျင်းပသည့်   ဒုတိယအကြိမ် မွေးမြူရေး သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲတွင် ဈေးကွက်ဝင် တန်ဖိုးမြှင့်မွေးမြူရေး ထုတ်ကုန်နှင့်  လူသုံးမွေးမြူရေး ထုတ်ကုန်များဆိုင်ရာ   သုတေသနစာတမ်းနှစ်စောင်၊ ရေရှည်တည်တံ့စေမည့် မွေးမြူထုတ်လုပ်ရေး နည်းစနစ်ဆိုင်ရာ သုတေသနစာတမ်း ၁၆ စောင်၊ တိရစ္ဆာန်အစာနှင့် အာဟာရဗေဒဆိုင်ရာ  သုတေသနစာတမ်း ၂၁ စောင်၊ ကုန်းနေရေနေတိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ သုတေသန စာတမ်းရှစ်စောင်နှင့် မွေးမြူရေးအခြေပြု လူမှုစီးပွား ရေးဆိုင်ရာ သုတေသနစာတမ်း နှစ်စောင် စုစုပေါင်းစာတမ်း ၄၉ စောင်ကို မွေးမြူရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် မြိတ်တက္ကသိုလ်၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့်  မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တို့မှ  ပညာရှင်များက တင်သွင်းဖတ်ကြားကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က  တိရစ္ဆာန်အစာတောင့် ပြုလုပ်စက် လှူဒါန်းသည့်  မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်ကို လည်းကောင်း၊ ငါးသွေး အချိုးအစားပါဝင်မှု တိုင်းတာစက်  လှူဒါန်းသည့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ကို လည်းကောင်း၊  ဥဖောက်စက်  လှူဒါန်းသည့် ပန်းသဇင်ကုမ္ပဏီ လီမိတက်ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ထို့နောက် ဒုတိယဝန်ကြီးများက သုတေသနစာတမ်း အကဲဖြတ်အမှတ်ပေး အဖွဲ့နှင့် ဆုရစာတမ်းရှင်များကို မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။