ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါး စီမံကိန်းများအပေါ် သုံးသပ်အဖြေရှာခြင်းနှင့် ဝါသီးနှံ၊ မိုးစပါး စီမံကိန်းလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါး စီမံကိန်းများအပေါ် သုံးသပ်အဖြေရှာခြင်းနှင့် ဝါသီးနှံ၊ မိုးစပါး စီမံကိန်းလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်  ဧပြီ  ၁

၂၀၂၃-၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါးစီမံကိန်း ဆောင်ရွက်ခဲ့မှု အခြေအနေများအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်အဖြေရှာခြင်းနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်းလုပ်ငန်းနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်း လုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမ အသင်းစုချုပ်များမှ ဥက္ကဋ္ဌများ၊ ဝါစိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်များရှိ   သမဝါယမဦးစီး အရာရှိများနှင့် သမဝါယမ အသင်းစုတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု စီမံကိန်းတွင် တောင်သူများ လိုအပ်သည့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထွက်နှုန်းများလည်း တိုးတက်လာသည်ကို တွေ့ရှိရပါ ကြောင်း၊ နွေစပါးစိုက်ပျိုး ထုတ်လုပ်မှုစီမံကိန်းတွင်လည်း   တောင်သူများလိုအပ်သည့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် နွေစပါးထွက်ရှိမှုအနေဖြင့် ယခင်နှစ်ထက် တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိကြသည်ကို တွေ့ရှိရပါကြောင်း၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် အတွေ့အကြုံများ ရရှိပြီးဖြစ်ကြောင်း၊ အချို့မှာ ပန်းတိုင်အထွက်နှုန်း ပြည့်မီသော်လည်း အချို့မှာ အထွက်နှုန်း လျော့နည်းမှုများရှိသည်ကို တွေ့ရှိရသည့်အတွက် အကြောင်းအရင်းများကို    အဖြေရှာရန် လိုအပ်ကြောင်း။

ဆောင်ရွက်ဆဲဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲ၊ ဆောင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းနှင့်နွေစပါး စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတို့ကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှရယူပြီး သွင်းအားစုများ ပံ့ပိုးဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် နေကြာကို စနစ်တကျဖြင့် စိုက်ပျိုးနိုင်ရေး အထွက်နှုန်းတိုးမျိုးကို စိုက်ပျိုးပြီး အမှန်တကယ် လုပ်ဆောင်ပါက အထွက်နှုန်းများ  ပိုမိုထွက်ရှိနေသည်ကို  တွေ့ရှိရပါကြောင်း။

ဝါစိုက်ပျိုးနိုင်မည့် မြို့နယ်များ၌ ဝါစိုက်ပျိုးသည့် သမဝါယမ အသင်းများနှင့် တောင်သူများကို စည်းရုံး၍ သမဝါယမအသင်းများ ဖွဲ့စည်းပြီး အဆိုပါအသင်းသား တောင်သူများပိုင် လယ်ယာမြေများနှင့် သမဝါယမ အသင်းပိုင် လယ်ယာမြေများတွင် ဝါသီးနှံစိုက်ပျိုးနိုင်ရေး စည်းရုံး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  ဝါစိုက်ပျိုးရန် လိုအပ်သည့် ပံ့ပိုးငွေများကို နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်သည့်အတွက် စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးနိုင်ရေးအတွက် အထွက်နှုန်းတိုးသည့် ဝါမျိုးစေ့များအချိန်မီ ပံ့ပိုးပေးနိုင်ရေး၊ အထွက်နှုန်းတိုးသည့် ဝါမျိုးရရှိနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သွင်းအားစုများကို အသင်းအဖွဲ့များမှ တိုက်ရိုက်ပေးပို့နိုင်ရေး လုပ်ဆောင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့်  အထွက်နှုန်းအတိုင်း ထွက်ရှိရန် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာများကို ဖြည့်ဆည်းပေးရန် အတွက် စိုက်ပျိုးရေး ဦးစီးဌာနများနှင့် ချိတ်ဆက်ပြီး စိုက်ကွင်းအရောက် အသိပညာပေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍  သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးအောင်သူရက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်၂၀၂၃-၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါးစီမံကိန်း ဆောင်ရွက်ခဲ့မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်နေသော ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်း လုပ်ငန်းများနှင့်  ရှေ့ဆက်လက် ဆောင်ရွက်မည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်း လုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများကို  ရှင်းလင်းဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက   သုံးသပ်ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက လာမည့်မိုးစပါး ရာသီတွင် စုပေါင်းဆောင်ရွက်၊ စုပေါင်းထုတ်လုပ်၊ စုပေါင်းရောင်းချသည့် သမဝါယမစနစ်ဖြင့် လုပ်ဆောင်၍ ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်ကြရန် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။