နွေကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်

နွေကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်

နေပြည်တော်  ဧပြီ  ၁

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလနှင့်မေလတို့အတွင်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပြန်တက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊  မိုးသီးကြွေခြင်းနှင့်  နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ လေပြင်း တိုက်ခတ်စဉ် မြေပြင်၊ ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နွေကာလဖြစ်သည့် ဧပြီလနှင့်မေလတို့အတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားရန်နှင့် ပြည်တွင်း လေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်အပ်ပါသည်။     

(မိုး/ဇလ)