တံခွန်စိုက်ဆုရအမျိုးသားဘောလုံးအသင်းနှင့် MFF Fit Futsal ချန်ပီယံဆုရ YRG FC ဘောလုံး အသင်းတို့အား ဂုဏ်ပြုပွဲကျင်းပ

တံခွန်စိုက်ဆုရအမျိုးသားဘောလုံးအသင်းနှင့် MFF Fit Futsal ချန်ပီယံဆုရ YRG FC ဘောလုံး အသင်းတို့အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်  ဧပြီ  ၁

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံးအမျိုးသားပြိုင်ပွဲ တံခွန်စိုက်ဆုရ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား ဘောလုံးအသင်းနှင့် MFF Fit Futsal League(II) 2023 ချန်ပီယံဆုရ YRG FC ဘောလုံးအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပသည်။

ဦးစွာ့ U - 25 အမျိုးသားဘောလုံးအသင်း နှင့် YRG FC ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် အကောင်းဆုံးကစားကွက်များ မှတ်တမ်း ဗီဒီယိုကို ပြသသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီနာယက တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် တိုင်းဒေသကြီး ဂုဏ်ဆောင် အားကစားသမားများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဂုဏ်ပြုအပ်ပါ ကြောင်း၊ အောင်မြင်မှုကို ရပ်တန့်မနေဘဲ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစား သမားများဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ရန်ကုန်တိုင်း ဒေသကြီး U-25 ဘောလုံးအမျိုးသားအသင်းနှင့် MFF Fit Futsal League(II) 2023 ချန်ပီယံဆုရ YRG FC ဘောလုံးအသင်း တို့က တံခွန်စိုက် ချန်ပီယံ ဆုဖလားများကို အပ်နှံကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုရဘောလုံး အသင်းများအား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဘောလုံးအသင်းအုပ်ချုပ်သူများက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်း တင်ပြကြပြီး ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။        

(သတင်းစဉ်)