အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ နှင့် (၁/၂၀၂၄)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများ နှင့် (၁/၂၀၂၄)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ဧပြီ  ၁

အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) ၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီများ နှင့် (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၁) နေပြည်တော်၌ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊  လုပ်ငန်း ကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီးက  အာဆီယံဒေသတွင်း စီးပွားရေးနှင့် စပ်လျဉ်းပြီး ၂၀၂၃ ခုနှစ်တွင် ဒေသတွင်းစီးပွားရေးအခြေအနေသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းထက်ပိုမိုသာလွန်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း  ဆက်လက်တိုးတက်ရန် မျှော်မှန်းထားကြောင်း၊ ဒေသတွင်း စီးပွားရေး တိုးတက်မှု အရှိန်ကို ပိုမိုကောင်းမွန်စေရန်အတွက် ဒေသတွင်း ထောက်ပံ့မှုကွန်ရက် (Supply Chain Network) များကို ကမ္ဘာ့ ထုတ်လုပ်မှုကွန်ရက် (Global Production Network)နှင့် ချိတ်ဆက်နိုင်ရန် အရေးကြီး ကြောင်း၊ ကွန်ရက်များချိတ်ဆက်ရာတွင် မိမိတို့နိုင်ငံအနေဖြင့် အခြား အာဆီယံနိုင်ငံများနှင့်အတူ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်း အဖွဲ့များက မိမိတို့လုပ်ငန်း အလိုက် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံက  အကောင်အထည်ဖော်ရန် ဦးစားပေးစီးပွားရေး လုပ်ငန်းများ (Priorities Economic Deliverables - PEDs) ၁၄ ခုကို ချမှတ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊  အေအီးစီအနေဖြင့်     ယခုနှစ် တွင် နှစ်အလိုက်   အကောင်အထည်ဖော်ရန် လုပ်ငန်း (Annual Priorities -APs)  ၁၁၃ ခုကို   ချမှတ်ထားကြောင်း  ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အေအီးစီလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် မြန်မာ နိုင်ငံက ဒေသတွင်းလုပ်ငန်းများကို လိုက်ပါဆောင်ရွက်ရာ၌  မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်  အခွင့် အရေးများကိုလည်း အမိအရ ရယူနိုင်ရန်လိုအပ်ကြောင်း၊ ရသင့်သည့်အခွင့်အရေးများ ရရှိနိုင်ရေးအတွက်  သေသေချာချာ ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အာဆီယံအနေဖြင့် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှုအခြေခံဒေသကို အကောင်အထည်ဖော်ရာတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍအလိုက် မိမိတို့နိုင်ငံအနေဖြင့် ဆောင်ရွက်နိုင်မှု အခြေအနေကို ပြန်လည် လေ့လာ၍ လက်ရှိနိုင်ငံ၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်မှုများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ဆောင်ရွက်သည့် လုပ်ငန်းများသည် လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊  အကောင် အထည်ဖော်ရန် ကျန်ရှိသည့် လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊   ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကိုလည်း ပိုမိုရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိက အကြိမ်(၃၀)မြောက်  အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး၏ ဆွေးနွေးချက်များနှင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး သက်ဆိုင် ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့်  အတွင်းရေးမှူးများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကော်မတီအလိုက် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၂၀၂၆-၂၀၃၀ အာဆီယံစီးပွားရေး အသိုက်အဝန်း မဟာဗျူဟာရေးဆွဲရေးအတွက် ဆောင်ရွက်မှုအခြေအနေ၊ အနာဂတ် အာဆီယံလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေ၊ အာဆီယံစီးပွားရေးအသိုက် အဝန်း ၂၀၂၅ သုံးသပ်ချက်အတွက် အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးက ဆောင်ရွက်နေသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏လုပ်ငန်းများ အကောင်အထည် ဖော်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ထိထိမိမိ အကောင်အထည်ဖော်ရန်နှင့် အနာဂတ်အာဆီယံ လုပ်ငန်း စဉ်များကိုလည်း  မျက်ခြည်မပြတ်လိုက်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက် ရာတွင် မိမိတို့နိုင်ငံ၏ရပ်တည်ချက်ကို ခိုင်ခိုင်မာမာတင်ပြရန်လိုအပ်ကြောင်း၊ ဒေသတွင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကိုပါ တစ်ပါတည်းဖြစ်စေမည့် လုပ်ငန်းများကိုလည်း ထည့်သွင်း စဉ်းစားစေလိုကြောင်းနှင့် လုပ်ငန်းအဖွဲ့များက တင်ပြချက်များအပေါ် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)