အောင်ရဲ့အောင်
ယမန်နေ့မှအဆက်
ထိုနေ့က အောင့်ကို လူစုံသူစုံရှိကြတုန်း ဝိုင်းပြီး တစ်ယောက်တစ်ပေါက်ဆူကြသည်ကို အောင်က အသာငြိမ်နားထောင်နေ သေးသည်တဲ့။ ထိုအခိုက် ကြူကြူက စောစောကပြောထားခဲ့သော စကားများ နှင့် အားမရနိုင်သေးဘဲ...
“မိအောင်၊ နင်ဟာ ဒီကိစ္စတွေနဲ့ အချိန် ကုန်နေတာပဲ၊ လူကြီးမိဘတွေကို စိတ်ဆင်း ရဲအောင် မလုပ်ပါနဲ့”
အောင်သည် ကြူကြူကို တစ်ချက်မျှ လှမ်းကြည့်လိုက်သေးသည်။ အရေးဆိုသူက မင်္ဂလာယူပြီဟု အောင့်စိတ်ထဲ မျက်သွားသည်။
သူ့ကို မထီမဲ့မြင်ပြန်ကြည့်ပြီး..
“ဘာကိစ္စလဲ”
ခပ်တည်တည်ပြန်မေးလိုက်သည်။
ကြူကြူကလည်း အောင့်ကို ပြန်ကြည့်သည်။
သူတို့ညီအစ်မနှစ်ယောက် ရုပ်ချင်းလည်း ဆင်လျက်သားနှင့် စိတ်နေသဘော ထားချင်းက လုံးဝမတူ။
အောင်၏ သည်လို မျက်နှာထားမျိုးပေါ့။
တစ်အိမ်လုံးက သူ့ကို အချဉ်ပေါက်နေတာ သိသားပဲ။
ပိုအချဉ်ပေါက်သထက်ပေါက်အောင် မျက်နှာကို တင်းထားသည်။
နဂိုက ပြုံးနေတတ်သော နှုတ်ခမ်းတို့ ကို တင်းထားသည်။
အဖေက မျက်မှောင်ကုတ်ကာ အောင့် ကို စိုက်ကြည့်နေသည်။
အမေကတော့ ထုံးစံအတိုင်း မြည်တွန် လို့အားရတော့ စီးကရက်တစ်လိပ်ကို ဖွာရှိုက်ရင်း အောင့်ကို မျက်စောင်းတထိုးထိုး နှင့် ကြည့်နေသည်။
အမေမို့လို့သာ သည်းခံနေတာ။ ကိုယ့်မှာ အပြစ်ကြီးကြီးမားမားမရှိဘဲသည် မျက်နှာမျိုးနှင့်ကြည့်တာ သိပ်ချဉ်တာပဲ။
ကိုယ့်သားသမီးရဲ့ သဘောထားကို နားမလည်သော အမေတစ်ယောက်အဖြစ် အထင်သေးသည်တဲ့။
သည်အချိန်တုန်းက အလည်ရောက်နေတဲ့ အဒေါ်တစ်ယောက်ကလည်း အောင့် ကို ဘာမဆိုင်ညာမဆိုင် နှင့် ဝင်ဆူသည်။ အားလုံးက အောင့်ကို ဆိုးတယ်လို့ ပြောနေကြတာပဲ။
အောင်ကလည်း ကောင်းဖို့ ဘယ်တော့ မှမကြိုးစားတော့။ ဘယ်သူမှ အောင့်ကို နားမလည်နိုင်ပါဘူး။
အောင်ကလည်း နားလည်အောင် ကြိုး စားဖို့ စိတ်မကူးတော့ပေ။
“ဘာကိစ္စရမလဲ မိအောင်၊ နင်နဲ့အထွန်း အချစ်တော်ကိစ္စပေါ့”
“အောက်တန်းကျတယ်”
“ဘာရယ်”
“သြော်...ဒီအတွေးမျိုး ခေါင်းထဲဝင်လာတာတောင် သနတယ်၊ ဒါမျိုးပြော လာတာ အောက်တန်းကျတယ် ပြောတာ”
“မေမေ့သမီး တွေ့လား၊ ကြူ့ကို စော် ကားနေတယ်”
ကြူကြူက သူ့အမေကို စစ်ကူတောင်း တော့ အောင်က တမင်ရယ်မောလျက်...
“ကျွန်တော်နဲ့ အထွန်းနဲ့ ရှင်းတယ်၊ ရိုး ရိုးသူငယ်ချင်းပဲ၊ သူ့ကို ကျွန်တော်သိပ်ချစ် တာတော့ ဝန်ခံတယ်”
“နင်တို့ တတွဲတွဲနေတာပဲ၊ ဘကြီးအိမ် တောင် ခေါ်ထားတာ”
“အဲဒါ ဘာဖြစ်လဲ မကြူကြူ၊ အဲဒါ ဘာဖြစ်လဲ”
“အဲဒါက နင့်အခြေအနေကို ပြောနေ တာပေါ့”
“ဒီမယ် မကြူကြူ။ ကျွန်တော် ဗြောင် သမားပဲ၊ အချစ်တော်ဆိုရင် အချစ်တော် လို့ ဝန်ခံရမှာပေါ့၊ ပြီးတော့ ကျွန်တော် ရှေ့တစ်မျိုး နောက်တစ်မျိုး ကုပ်ကမြင်းမဟုတ်ဘူး၊ လူကြီးတွေမသိအောင် ဆရာမ အချင်းချင်း လည်း အချစ်တော်ထားနေတာ မဟုတ်ဘူး” သည်တုန်းက မထင်မှတ်ဘဲ ကြူကြူ၏ ပြင်းထန်သော လက်ဝါးသည် အောင့်ပါးပေါ်သို့ ကျလာလေသည်။ အောင်သည် လျင်မြန်သောအဟုန်နှင့် ကြူကြူ့ကို ခုန်အုပ်မည်လုပ်သော်လည်း အဖေနှင့်အမေဖြစ်သူက အောင့်ကို ဝိုင်း၍ ဆွဲထားကြသည်။ သည်တော့ လက်က လှုပ်မရတော့။
အောင်က ပါးစပ်မှ ကြူကြူအား...
“နင် တစ်ချိန်လုံး အိညှက်အိညှက်နဲ့ ကလီကမာနိုင်တယ်၊ ငါ ဘယ်တော့မှ မဟုတ်တာ မပြောဘူးဟဲ့၊ နင်က hooker”
နောက်ဆုံး ဆဲရေးလိုက်သော စကားတစ်ခွန်းတွင် နောက်ထပ် လက်ဝါးတစ် ချက်က အောင့်ပါးကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြန်သည်။ အောင့်ကို ဝိုင်းချုပ် ပေးသလိုဖြစ်နေတော့ အောင်အနေနှင့် ဘာမှလုပ်လို့မရ။
ငန်ငြိငြိနှင့်ထွက်လာသော သွားထဲမှ သွေးတွေကို ထွေးထုတ်ပစ်ကာ အောင် သည် သူ့ကို ချုပ်ထားသော လူတွေလက်ထဲမှ အတင်းဆောင့်ရုန်းထွက် လိုက်လေသည်။
ချုပ်ထားသော လူတွေလက်ထဲမှ လွတ် သွားသည့်တစ်ပြိုင်နက် အောင့်မျက်လုံးတွေမှာ ပြာဝေနေပြီး ဘာမှမမြင်တော့။ သတိ မရှိတော့။ မျက်စိက အပ်ချုပ်စက်ပေါ်မှ ကတ်ကြေးတစ်လက်ကိုသာ မြင်တော့ သည်။
လက်က ထိုကတ်ကြေးကို ကောက်ကိုင် ကာ ကြူကြူအား ထိုးသတ်ဖို့ လိုက်လေသည်။ ကတ်ကြေးက ချွန်နေတော့ မိများမိလျှင် အသေပဲတဲ့။ ကြူကြူလည်း ငယ်သံပါအောင် ပြေးရတော့သည်။ ကြူကြူ နောက် အောင်ကလိုက်၍ အောင့်နောက်က လူတွေတစ်အုပ်ကြီး လိုက်လာကြသည်။
“အောင်...အောင်ရေ၊ မလုပ်နဲ့၊ ဒီလိုမလုပ်နဲ့”
ဆက်လက်ဖော်ပြပါမည်။