မြို့နယ် ဌာနဆိုင်ရာများနှင့် ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

 

မြို့နယ် ဌာနဆိုင်ရာများနှင့် ဥစားကြက်မွေးမြူသူ လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

 

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မဥစားကြက် မွေးမြူရေးဇုန်ရှိ  ကြက်မွေးမြူသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၁ ရက် နံနက်ပိုင်းတွင် ကြက်မွေးမြူရေးဇုန်  ရှင်းလင်းဆောင်၌  ဆောင်ရွက်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးငွေဆန်းလှိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်စခန်းမှူး ဦးဇော်လင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး  ဦးစီးဌာန ဦးစီးမှူး ဒေါက်တာမြတ်လင်းတို့က  အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြက်ဥပိုမို ထုတ်လုပ်နိုင်ရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးပြီး မီးလောင်မှုကြောင့်   အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ဇုန်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရန် ခြံနှင့်ပတ်ဝန်းကျင်ကို  သန့်ရှင်းစွာထားရှိရေး၊ အယ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် တိရစ္ဆာန်များတွင် အစာနှင့်ရေရှားပါးခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ပြင်သင့်သည်များနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ နည်းပညာဆိုင်ရာ အကူအညီများ ရယူနိုင်ကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

မြို့မဥစားကြက် မွေးမြူရေးဇုန်၌ ကြက်မွေးမြူသူ ၃၈ ဦးရှိပြီး ကြက်ကောင်ရေ ၆၁၄၀၀  မွေးမြူလျက်ရှိကာ   နေ့စဉ်ကြက်ဥအလုံးရေ ၃၆၀၀၀ ကျော် ထွက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။