တရားမဝင်စက်သုံးဆီများ၊ ကျောက်စိမ်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

တရားမဝင်စက်သုံးဆီများ၊ ကျောက်စိမ်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၂

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧရာဝတီတံတားစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit  မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၃၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မင်းလှမြို့နယ်၊ အောက်ကိုင်းကျေးရွာ၌ တရားမဝင် စက်သုံးဆီဓာတ်ဆီဂါလန် (၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀)၊ အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Luojia    11 (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)နှင့် မင်းတုန်းမြို့နယ်၊ ညောင်ကြပ်ကျေးရွာအနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ (၂၁)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉၄၀၀)နှင့်   အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့်    Luojia    110 မော်တော်ဆိုင်ကယ်(၁)စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀)တို့ကို   ရေနံနှင့်   ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၆၈၉၄၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌   မန္တလေးမြို့မှ   နောင်ချိုမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသည့် ကျောက်လက်ကောက်ကွင်း (အချော)ဆိုဒ်စုံ ကီလိုဂရမ် (၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Toyota Crown (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ စစ်ကိုင်းတံတား၊ နှာပေါက်အနီး၌ ဆီသယ်ယာဉ်(၂)စီးပေါ်မှ တရားမဝင် စက်သုံးဆီဓာတ်ဆီ (92 Ron) (၁၅၃၉၈)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၁၅၀၀၀၀)နှင့်   အဆိုပါစက်သုံးဆီများ    တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီး၊ Chenglong Tractor Head (၁)စီးနှင့် ဆီသယ်နောက်တွဲယာဉ်(၂)တွဲ  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀၀)ကို ရေနံနှင့်  ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၁၁၅၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧပြီလ ၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်း မရှိသော တရုတ်နိုင်ငံထုတ် စားသောက်ကုန်များဖြစ်သည့် ကြက်သားတုံး (၃၂၈၈)ထုပ်၊ ANJOY တံဆိပ်ပါ အသားလုံး (၇၂၈)ထုပ်     အပါအဝင် စားသောက်ကုန်ပစ္စည်း(၁၈)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၇၉၆၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး    ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီလ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၆၆၃၅၄၀၀) ဖြစ်ကြောင်း  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။