လီဗာပူးအသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ နိုင်ပွဲ ၃၀၀ ပြည့်မြောက်သည့် စတုတ္ထမြောက်နည်းပြအဖြစ် ကလော့မှတ်တမ်းဝင်

 

လီဗာပူးအသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ နိုင်ပွဲ ၃၀၀ ပြည့်မြောက်သည့် စတုတ္ထမြောက်နည်းပြအဖြစ် ကလော့မှတ်တမ်းဝင်

လီဗာပူးအသင်းနည်းပြ  ကလော့သည်  လီဗာပူး အသင်းသမိုင်းတစ်လျှောက်   ပြိုင်ပွဲစုံ နိုင်ပွဲ   ၃၀၀ ပြည့်မြောက်သည့်      စတုတ္ထမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ  ပွဲစဉ်(၃၀)အဖြစ် ကစားသည့်  လီဗာပူးအသင်းက အိမ်ကွင်း၌ ဘရိုက်တန် အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်အပြီးတွင် လီဗာပူးအသင်းနည်းပြ ကလော့သည် အသင်းကို  တာဝန်ယူ ကိုင်တွယ်ခဲ့သည့် သက်တမ်းတစ်လျှောက် ပြိုင်ပွဲစုံ နိုင်ပွဲ ၃၀၀ ပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

နည်းပြ  ကလော့သည် ၂၀၁၅ ခုနှစ်က လီဗာပူးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် အသင်းကို ဥရောပထိပ်တန်း အသင်းတစ်သင်းဖြစ်အောင်  ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ ကွာဝေးနေသည့် ပရီးမီးယားလိဂ်ဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့ အပါအဝင်    ဆုဖလားများစွာကို ဆွတ်ခူး ပေးနိုင်ခဲ့သူဖြစ်သည်။

ထို့ပြင် နည်းပြကလော့သည် ယခုဘောလုံးရာသီ တွင်လည်း   ကာရာဘောင်းဖလားဆွတ်ခူးပေးနိုင် ခဲ့သကဲ့သို့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ပွဲစဉ်(၃၀)အပြီးတွင် ရမှတ် ၆၇ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး ၌ရပ်တည်နေပြီး ချန်ပီယံဆုအတွက် ရေပန်းအစား ဆုံးဖြစ်နေကာ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ကွာတား ဖိုင်နယ်အဆင့်သို့   တက်ရောက်ထားသည့်အတွက် ဆုဖလားသုံးလုံးလမ်းကြောင်းပေါ်တွင်  ရပ်တည် အောင် စွမ်းဆောင် ပေးထားသူဖြစ်သည်။

လီဗာပူးအသင်းသမိုင်းတစ်လျှောက်    နည်းပြကလော့မတိုင်မီက  နိုင်ပွဲ ၃၀၀  ပြည့်မြောက်သည့် နည်းပြ များအဖြစ်   ဘော့ပီယာစလေ၊ တွမ်ဝက်ဆန်၊ ဘီလ်ရှန်ကလေတို့က ရပ်တည်နေပြီး နည်းပြကလော့က စတုတ္ထမြောက်နည်းပြအဖြစ် ရပ်တည်နေခြင်းဖြစ်သည်။

လီဗာပူးအသင်းကို အောင်မြင်မှုများစွာ ရယူပေးနိုင်ခဲ့သည့်  နည်းပြကလော့သည်  အသင်းနှင့်စာချုပ် သက်တမ်းတစ်နှစ်ကျန် ရှိနေသော်လည်း ယခုဘောလုံး ရာသီအကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။                           

Ref;ESPN