အလှအပရေးရာခွဲစိတ်မှုနှင့် သတိထားစရာ ဆက်စပ်အန္တရာယ်များ

အလှအပရေးရာခွဲစိတ်မှုနှင့် သတိထားစရာ ဆက်စပ်အန္တရာယ်များ

ယနေ့ခေတ်တွင်   အလှအပရေးရာခွဲစိတ်မှုသည် အရွယ်ရောက်ပြီးသူများ၊ လူလတ်ပိုင်းများတွင်သာမက သက်ကြီးရွယ်အိုများကြားတွင်ပါ ရေပန်းစားလာပါသည်။ အလှအပရေးရာခွဲစိတ်မှုများသည် လူတစ်ဦး၏ အသွင်အပြင် မိမိကိုယ်ကိုယ်လေးစားမှုနှင့် ယုံကြည်မှုတိုးတက်စေရန် ရည်ရွယ်သည်။ မျက်နှာနှင့်  ခန္ဓာကိုယ် အစိတ်အပိုင်းအမျိုးမျိုးတို့တွင် အလှအပရေးရာ ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်နိုင်သည်။   အသားအရေ တင်းရင်းစေရန် Botox ထိုးခြင်း၊ ဓာတုဆေးအသုံးပြု၍  မျက်နှာပြင်အရေပြားပေါ်မှ အရေပြားဆဲလ်သေကို ကွာကျစေကာ ကျန်းမာသောဆဲလ်များကို   ပြန်လည်တည်ဆောက်စေခြင်း   (Chemical Peeling)၊ မေးရိုးပြုပြင်ခွဲစိတ်ခြင်း၊ သွားအလှပြုပြင်ခြင်း၊ စက်ကိရိယာသုံး၍  အပေါ်ယံ ဆဲလ်သေအလွှာ ဖယ်ရှားခြင်း (Dermabrasion)၊ နဖူးမြှင့်တင်ပြုပြင်ခွဲစိတ်ခြင်း၊ မျက်ခွံခွဲစိတ်ခြင်း စသည်တို့သည် အများဆုံးပြုလုပ်ကြသည့် အလှအပရေးရာ ခွဲစိတ်မှုများ ဖြစ်သည်။

ထိုသို့ခွဲစိတ်မှုများပြုလုပ်ရာတွင် ၎င်းနှင့်ဆက်စပ်သည့်အန္တရာယ်များ၊ နောက်ဆက်တွဲ ဆိုးကျိုးများလည်း ရှိသည်။ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ဆေးဘက်ဆိုင်ရာနည်းပညာနှင့်နည်းစနစ်များ တိုးတက် လာသည့်အတွက် အလှအပရေးရာခွဲစိတ်မှုသည် ပိုမိုဘေးကင်းလာသော်လည်း   ခွဲစိတ်မှုလုပ်ငန်းစဉ်ကို မဆောင်ရွက်မီ  ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို နားလည်ပြီး  ထည့်သွင်းစဉ်းစားထားရန်  အရေးကြီး ပါသည်။ အောက်ဖော်ပြပါများသည် အလှအပရေးရာခွဲစိတ်မှု၏ ဆက်စပ်အန္တရာယ်များ၊ နောက်ဆက်တွဲ ဆိုးကျိုးများတွင် ပါဝင်သည်။

မေ့ဆေးအန္တရာယ်

ခွဲစိတ်မှုတိုင်းတွင် မေ့ဆေး၏ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ဓာတ်မတည့်သည့် တုံ့ပြန်မှုများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများနှင့်   မေ့ဆေးအပေါ်ဆိုးရွားသောတုံ့ပြန်မှု တို့ တွေ့ကြုံရနိုင်သည်။

ပိုးဝင်ခြင်း

တခြားခွဲစိတ်မှုများကဲ့သို့ပင် ခွဲစိတ်ရာနေရာ၌ ရောဂါပိုးဝင်ရောက်နိုင်ခြေရှိပါသည်။ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီး နောက် သင့်လျော်သော စောင့်ရှောက်မှုပေးခြင်းသည် ဆိုးကျိုးကို နည်းပါးအောင် ကူညီပေးနိုင် သည်။

အမာရွတ်

ခွဲစိတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လူတစ်ဦးချင်းစီ၏ အနာကျက်ခြင်း ဖြစ်စဉ်တို့အပေါ် မူတည်၍  အမာရွတ်ဖြစ်ပေါ်နိုင်သည်။ အမာရွတ်ဖြစ်ပေါ်မှုကို နည်းနိုင်သမျှနည်းအောင် လျှော့ချနိုင်ရန် မည်သို့ပင် ကြိုးပမ်းစေကာမူ   အလုံးစုံဖယ်ရှားရန်   အမြဲတမ်းမဖြစ်နိုင်ပါ။

သွေးလုံးနှင့် သွေးရည်ကြည်အလုံး

ခွဲစိတ်ထားသောနေရာရှိ အရေပြားအောက်တွင် သွေးများစုဝေးခြင်းကြောင့် သွေးလုံး သို့မဟုတ် အရည်များ စုဝေးလာခြင်းကြောင့်    သွေးရည်ကြည်အလုံးများဖြစ်ပေါ်နိုင်သည်။ ၎င်းတို့ဖြစ်ပေါ်လာပါက ဖောက်ထုတ်ရခြင်း သို့မဟုတ် တခြားသောကုသမှုများ လိုအပ်နိုင်သည်။

အာရုံကြောထိခိုက်မိခြင်း

အလှအပရေးရာခွဲစိတ်မှုသည် တစ်ခါတစ်ရံတွင် အာရုံကြောများကို ယာယီ သို့မဟုတ် အမြဲတမ်း ပျက်စီး စေကာ ထုံခြင်း၊ ကျဉ်ခြင်း သို့မဟုတ် ထိခိုက်မိသောနေရာ၌ အာရုံခံစားမှု ဆုံးရှုံးခြင်းတို့ ဖြစ်နိုင်သည်။

ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း နောက်ဆက်တွဲဆိုးကျိုးများ

အလှအပရေးရာ ခွဲစိတ်မှုတစ်ခုစီတိုင်းတွင် ၎င်းတို့နှင့်ဆက်စပ်သည့် အန္တရာယ်များ၊ နောက်ဆက်တွဲ ဆိုးကျိုးများရှိသည်။  ဥပမာ- ရင်သားအလှ ခွဲစိတ်ပြုပြင်ခြင်းတွင် ထည့်သွင်းထားသော   ရင်သားအတု ပေါက်ပြဲခြင်း၊  ရင်သားအတုတစ်ဝိုက်တွင် အနာရွတ်တစ်သျှူးများ  မာကျောလာခြင်းကြောင့်   ရင်သား တောင့်တင်း၍ ကျုံ့လာခြင်းနှင့် ရင်သားအာရုံခံစားမှုပြောင်းလဲခြင်း စသည့် နောက်ဆက်တွဲ ဘေးအန္တရာယ်များရှိနိုင်သည်။

ခွဲစိတ်ပြီးရလဒ်ကို စိတ်တိုင်းမကျခြင်း

အလှအပရေးရာနှင့်ပတ်သက်၍ ခွဲစိတ်ဆရာဝန်သည် အစွမ်းကုန် အားစိုက်ထုတ်စေကာမူ ခွဲစိတ်ပြီး ရလဒ်သည် လူနာ၏ မျှော်မှန်းချက်အား ပြည့်မီနိုင်လေ့မရှိပေ။ ၎င်းမှတစ်ဆင့် စိတ်မကျေနပ်မှုနှင့် စိတ်တိုင်းမကျမှုများ ဖြစ်ပေါ်စေနိုင်ပြီး ခွဲစိတ်ပြီးရလဒ်ကို ပြုပြင်ရန် သို့မဟုတ် ပိုမိုကောင်းမွန်စေရန် အတွက်  နောက်ထပ်ခွဲစိတ်မှု လုပ်ငန်းစဉ်များ  လိုအပ်လာနိုင်သည်။

စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု

တချို့သောသူများသည် အလှအပရေးရာ ခွဲစိတ်ပြုပြင်ပြီးနောက် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန် ချို့ယွင်းချက်များအပေါ် အလွန်အမင်းအာရုံစူးစိုက်သည့် စိတ်ပိုင်း ဆိုင်ရာအကျိုးသက်ရောက်မှုများ ခံစားရနိုင်သည်။

ရေရှည်နောက်ဆက်တွဲဆိုးကျိုးများ

အလှအပရေးရာခွဲစိတ်မှု၏ နောက်ဆက်တွဲ ပြဿနာအများစုသည် အချိန်ကြာလာသည်နှင့်အမျှ ပြေလည်သွားသော်လည်း တချို့ဆိုးကျိုးများမှာ ဆက်လက်တည်ရှိနေခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာ ခြင်းတို့ကြောင့် နောက်ပိုင်းတွင် အပိုဆောင်းကုသမှုများ  သို့မဟုတ်   ခွဲစိတ်မှုများ   ဆောင်ရွက်ပေးရန် လိုအပ်သည်။

ထို့ကြောင့် အလှအပရေးရာ ခွဲစိတ်မှုတွင် ဘေးကင်းရေးသည် ခွဲစိတ်ပြုပြင်မှုခံယူလိုသူတိုင်းအတွက် အရေးကြီးသော အချက်ဖြစ်သည်။ အလှအပရေးရာခွဲစိတ်မှုကို ပြုလုပ်မည်ဟု စဉ်းစားဆုံးဖြတ်သော အခါတွင်  လူတစ်ဦးချင်းစီ၏ အခြေအနေနှင့် မျှော်မှန်းချက်များပေါ်မူတည်၍   တတ်ကျွမ်းနားလည်သည့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်များချနိုင်သည်အထိ သိရှိလိုသည့် မေးခွန်းများ မေးမြန်းကာ ဆောင်ရွက်သင့်ပေသည်။

ထို့ပြင် မိမိ၏ကျန်းမာရေး အခြေအနေအပြင် ရရှိနိုင်သည့်အန္တရာယ်များ၊ ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း၏ ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြဿနာများ၊ မခွဲစိတ်မီနှင့် ခွဲစိတ်ပြီးနောက် လိုက်နာရမည့် ညွှန်ကြား ချက်များကို သိရှိထားရမည်။ မိမိခွဲစိတ်မှု ပြုလုပ်မည့်နေရာ၊ အဆောက်အအုံနှင့်ပတ်သက်သည့် တရားဝင် အသိအမှတ်ပြုထားမှု၊ သုံးသပ်ချက်များနှင့် သက်သေခံချက်များကို လေ့လာထားရမည် ဖြစ်သည်။

ထိုသို့ လက်တွေ့ကျသောအစီအစဉ်များ ဆောင်ရွက်ထားရှိမှုတို့ကြောင့်   တစ်စုံတစ်ခု မှားယွင်းသွားပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိထားခြင်းသည် ဘေးအန္တရာယ်ကင်းမှုကို  သေချာစေသည့်  မရှိမဖြစ် လိုအပ်သော အကြံပြုချက်များ ဖြစ်သည်။ ခွဲစိတ်ပြုပြင်မှုလုပ်ငန်းစဉ်၏ အဓိကအစိတ်အပိုင်းတစ်ခုသည် ခွဲစိတ်မှုခံယူမည့်သူ၏ အသိပေးသဘောတူညီချက် ရယူမှုဖြစ်သည်။ အလှအပရေးရာခွဲစိတ်မှုအတွက် ဘေးကင်းသော ရွေးချယ်မှုပြုလုပ်ရန် လိုအပ်သော အချက်အလက် အားလုံးသိရှိထားရပေမည်။ သို့ဖြစ်ပါ၍ အလှအပရေးရာ ခွဲစိတ်မှုနှင့်သက်ဆိုင်သည့် ဘေးအန္တရာယ်များကို သတိထားကြစေရန် ထပ်မံဖြည့်စွက် အသိပေးရေးသားလိုက်ပါသည်။

ဒေါက်တာသံလွင်ထွန်း