အီရန်က ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်သည့်အစ္စရေးကို လက်စားချေသွားမည်

 

အီရန်က ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်သည့်အစ္စရေးကို လက်စားချေသွားမည်

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးအဆောက်အအုံကို ဒုံးကျည်ဖြင့်တိုက်ခိုက်သည့် အစ္စရေးကို လက်စားချေသွားမည်ဖြစ်ကြောင်း အီရန်သမ္မတက ဧပြီလ ၂ ရက်တွင် ပြောသည်။

ဒုံးကျည်ဖြင့်   တိုက်ခိုက်ခံရမှုကြောင့် ကောင်စစ်ဝန်ရုံးအဆောက်အအုံဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားရာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးဖြစ်သည့် မိုဟာမက်ရီဇာ ဇာဟေဒီနှင့်   ၎င်း၏လက်ထောက်အရာရှိကြီး တစ်ဦးအပါအဝင် လူခြောက်ဦးသေဆုံးကြောင်းနှင့်   ယင်းတိုက်ခိုက်မှုအတွက် အီရန်က လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုက ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုသည် ဧပြီလ ၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစ္စရေးက ၎င်းတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ဒေသမှနေ၍ ဒမတ်စကပ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဂိုလန်ကုန်းမြင့်ဒေသမှ   ပစ်လွှတ်လိုက်သည့် ဒုံးကျည်များအနက်အချို့ကို ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုနှင့်   စပ်လျဉ်း၍ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် ဇာဟရာအီရာရှာဒီက   အရေးပေါ် အစည်းအဝေး ကျင်းပ၍ ထိုတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချရန် ကုလသမဂ္ဂထံတောင်းဆိုထားသည်။

ထိုတိုက်ခိုက်မှုအတွင်း သံရုံးအမှုထမ်းအချို့သေဆုံးရသော်လည်း အီရန်သံအမတ် ဟော့စိန်အက္ကဘာရီမှာ   ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်းနှင့် ထိုကိစ္စနှင့်ပတ်သက်၍ အစ္စရေးအစိုးရက    တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်း မရှိကြောင်း သိရသည်။

Ref: Xinhua