အယ်နီညို၊ အပူလှိုင်းနှင့် မဖြစ်မနေ သိထားရမည့် အပူဒဏ်ကာကွယ်ရေးနည်းလမ်းများ

အယ်နီညို၊ အပူလှိုင်းနှင့် မဖြစ်မနေ သိထားရမည့် အပူဒဏ်ကာကွယ်ရေးနည်းလမ်းများ

ကမ္ဘာကြီးကတော့  တစ်နှစ်ပြီးတစ်နှစ်ကို ပိုပြီးတော့ပူလာနေလိုက်တာ ပေါင်းအိုးထဲရောက်နေတဲ့အလားပါပဲ။ အိမ်ထဲကနေ အိမ်ပြင်ကို  ခြေတစ်လှမ်းလှမ်းလိုက်ပြီ ဆိုတာနဲ့   ပြင်ပအပူချိန်ကိုစပြီး ခံစားရပါပြီ။

အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိမယ်လို့ တာဝန်ရှိသူတွေက ကြေညာထားပေမယ့်လည်း တစ်ကယ်တမ်းခံစားရတဲ့ အပူချိန်က ၄၄ ဒီဂရီစင်တီဂရိတ်လောက်အထိရှိမယ်လို့ မိုးလေဝသ ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ ဒါဆိုရင်တော့   ပူလောင်မှုကို တော်တော်လေးကိုခံစားရမယ့်   အခြေအနေပါ။

ဒီလိုအပူချိန်မြင့်တက်လာမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုတော့  မဟုတ်ပါဘူး။ ရာသီဥတုပြောင်းလဲမှုနဲ့ အပူချိန်မြင့်တက်မှုကလည်း ဆက်စပ်နေပါတယ်။

ရာသီဥတုအခြေအနေ တစ်ခုဖြစ်တဲ့ အယ်နီညိုကိုလည်း ဒီနေရာမှာ မေ့ထားလို့ မရပြန်ပါဘူး။ ဒါ့အပြင်  သူနဲ့ဆက်စပ် ပြီးဖြစ်ပေါ်လာတဲ့ အပူလှိုင်းဖြတ်မှုကလည်း အပူချိန်မြင့်တက်မှုကို ဖြစ်စေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်နေပြန်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့လူသားတွေအနေနဲ့ အပူချိန်မြင့်တက်မှုနဲ့ ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန် တွေတော်တော်လေးကိုများမှာပါ။

ရှောင်ရန်၊ ဆောင်ရန်တွေကို မသိထားဘူးဆိုရင်တော့  အပူချိန်ပြင်းထန်မှုကြောင့် ရောဂါဝေဒနာ   ခံစားရသူတွေထဲမှာ ကိုယ်လည်း တစ်ယောက်အပါအဝင် ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် စာချစ်သူပရိသတ်များသိထားသင့်တဲ့ အယ်နီညိုအကြောင်း၊ အပူလှိုင်းဖြတ်မှုအကြောင်းနဲ့ အပူချိန် မြင့်တက်နေချိန်မှာ အပူဒဏ်ကိုဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းတွေကို ဒီကနေတစ်ဆင့် ဖော်ပြပေးသွားပါမယ်။

အယ်နီညို

အယ်နီညိုနဲ့   လာနီညာတို့ဆိုတာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖြစ်ပေါ်လေ့ရှိတဲ့ ရာသီဥတု အခြေအနေပုံစံများ ဖြစ်ပါတယ်။ အဲဒီရာသီဥတုပုံစံတွေက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရာသီဥတုအခြေအနေတွေအပေါ် များစွာသော သက်ရောက်မှု ရှိစေပါတယ်။

အယ်နီညိုနဲ့လာနီညာဆိုတာ ဆန့်ကျင်ဘက်ဖြစ်စဉ်နှစ်ခုပါ။   အယ်နီညိုက အလွန်ပူပြင်းတဲ့ ရာသီဥတုကို ဖြစ်ပေါ်စေပြီး လာနီညာက အလွန်အေးခဲလွန်းတဲ့ ရာသီဥတုကို ဖြစ်ပေါ်စေပါတယ်။

အယ်နီညိုရာသီဥတုအခြေအနေနဲ့ ရင်ဆိုင်ရပြီဆိုရင်   ကမ္ဘာတစ်ဝန်းမှာ အပူချိန်တွေမြင့်တက်မယ်။ မိုးခေါင်ရေရှားမှုတွေဖြစ်မယ်။  တောမီးတွေလောင်မယ်။

အရင်တုန်းက အယ်နီညိုဖြစ်စဉ်ဆိုတာ နှစ်အနည်းငယ်ကြာမှ တစ်ခါဖြစ်လေ့ရှိတာပါ။ အခုနောက်ပိုင်းမှာတော့ နှစ်နှစ်တစ်ခါ၊ တစ်နှစ်တစ်ခါဆိုသလို   ခပ်စိပ်စိပ်ဖြစ်လာနေပါပြီ။

၂၀၂၃-၂၀၂၄    ခုနှစ်အတွက် အယ်နီညိုရာသီဥတုဖြစ်စဉ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၄ ရက်မှာ စတင်ဖြစ်ပွားတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က  ထုတ်ပြန်ထားပါတယ်။

အဲဒီရဲ့သက်ရောက်မှုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှသည် ၂၀၂၄ ခုနှစ် ဧပြီလအထိ ခံစားရနိုင်တယ်လို့ ပညာရှင်များရဲ့ သတိပေးချက်မှာတွေ့ရပါတယ်။

ဒီကာလတွေအတွင်းမှာ အပူလှိုင်းဖြတ်တာတွေ၊ အပူပိုင်းမုန်တိုင်းဖြစ်ပေါ်တာတွေ၊ မိုးသည်းထန်စွာ ရွာသွန်းတာတွေနဲ့ လေကြောင်းပြောင်းလဲတာတွေ ဖြစ်စေနိုင်မယ်လို့လည်း ပညာရှင်များက ခန့်မှန်းထားပါတယ်။

ဒါ့အပြင်   အခုလိုမျိုးအယ်နီညို ရာသီဥတုဖြစ်စဉ်ဟာ  ရာသီဥတုပူနွေးမှု အခြေအနေကြောင့်   ပိုမိုဆိုးရွားနိုင်ကာ 

ပျမ်းမျှ ကမ္ဘာ့အပူချိန်ကိုလည်း  မြင့်တက်လာ စေနိုင်ပါလိမ့်မယ်။ ဒီအတွက်ကြောင့် ၂၀၂၄ ခုနှစ်ဟာ စံချိန်တင်ပူမယ့် နှစ်တစ်နှစ်ဖြစ်လာနိုင်မှာ  အသေအချာပါပဲ။

အပူလှိုင်း

အပူလှိုင်းရိုက်ခတ်တယ်ဆိုတာ ရက်ပေါင်းများစွာကြာအောင် အပူချိန်က သာမန်ထက်မြင့်မားနေတဲ့  အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။

ဒီလိုအပူချိန်မြင့်တက်နေချိန်မှာ လေထုခြောက်သွေ့မှုကြောင့်   ခန့်မှန်းထားတဲ့ အပူချိန်ထက်    ပိုပြီးပူနေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ခံစားရစေပြန်ပါတယ်။

အပူလှိုင်းရိုက်ခတ်တာကို   ပိုဆိုးစေအောင်တွန်းပို့နေသူက တခြားသူမဟုတ်ပါဘူး။ ရာသီဥတုပြောင်းလဲမှုပါပဲ။ သူ့ကြောင့် အပူလှိုင်းဖြတ်သန်းစီးဆင်းမှုဟာ အရင်ကထက်ပိုမိုနှေးကွေးသွားပါတယ်။

ဒီအတွက်ကြောင့်  အခုနောက်ပိုင်းမှာ အပူလှိုင်းဖြတ်ပြီဆိုရင် လူတွေက အပူချိန်မြင့်တက်မှုကာလကို    အရင်ကထက် ပိုမိုကြာမြင့်စွာ ခံစားလာရတာပါ။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရဆိုရင် ၁၉၇၉  ခုနှစ်ကစလို့ ကမ္ဘာ့အပူလှိုင်းများ ဖြတ်သန်းစီးဆင်းမှုက ၂၀ ရာခိုင်နှုန်းပိုနှေးသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမြင့်ဆုံးအပူချိန်ဆိုတာတွေက

လည်း ၄၀ ဒီဂရီစင်တီဂရိတ် အထက်တွေချည်းပါပဲ။

၁၉၇၉ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အထိ တစ်ကမ္ဘာလုံးမှာအပူလှိုင်းဖြတ်သန်းမှုက ပျမ်းမျှအားဖြင့် ရှစ်ရက်တာမျှသာ ကြာမြင့်ပါတယ်။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်းမှာတော့ ၁၂ ရက်အထိကြာမြင့်လာပါတယ်။ ဒီနောက်ပိုင်းမှာဆိုရင် အဲဒီထက်ပိုကြာမယ့် အနေအထားပဲ ရှိပါတယ်။

အပူလှိုင်းဖြတ်မှုကို ရက်အရှည်ဆုံး ခံစားရသူတွေက   ဥရောပနဲ့အာရှဒေသပါ။ အပူလှိုင်းဖြတ်မှု   အနှေးဆုံးနေရာက အာဖရိကဒေသ ဖြစ်ပါတယ်လို့ သိပ္ပံပညာရှင်များရဲ့ သုတေသနမှာ ဖော်ပြထားပါတယ်။

ဒီတော့ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းဖြတ်မှုဟာ ပိုမိုပြင်းထန်လာသလို ပိုပြီးတော့လည်း ရှည်ကြာ လာတဲ့အတွက် လူတွေဟာ မုန့်ဖုတ်ဖိုထဲက မုန့်တွေလိုမျိုးမဖြစ်လာနိုင်ဘူးလို့  မပြောနိုင်တော့ပါဘူး။

အပူဒဏ်ကာကွယ်ရေးနည်းလမ်းများ

အထက်မှာတော့ အပူချိန်မြင့်မားမှုအခြေ အနေတွေ၊ အပူလှိုင်းဖြတ်မှုအခြေအနေတွေ အစရှိတဲ့ အပူနဲ့ ပတ်သက်တဲ့အကြောင်းတွေကို ဖော်ပြခဲ့ပြီးပါပြီ။

ဒါတွေကိုဖတ်ပြီး ဒီလိုအပူထဲမှာ ငါတို့ ဘယ်လိုအသက်ရှင်ကျန်ရစ်အောင်နေရမလဲဆိုတဲ့ အတွေးရှိ သူတွေအတွက် သိကို သိထားသင့်တဲ့ အပူဒဏ်ကာကွယ်ရေးနည်း လမ်းများကို ဆက်လက် ဖော်ပြပေးသွားပါမယ်။

အခုဖော်ပြပေးမယ့် အပူဒဏ်ကာကွယ် ရေးနည်းလမ်းများဟာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ထုတ်ပြန် ပေးထားတဲ့အချက် အလက်များဖြစ်လို့  ယုံကြည်စိတ်ချစွာ လိုက်ပါလုပ်ဆောင်နိုင်ပါတယ်။

အပူလှိုင်းဖြတ်ချိန်မှာ မိမိတို့အနေနဲ့ အဓိကအကျဆုံး လုပ်ရမယ့်အရာက ကိုယ့်ကိုယ်ကိုယ်ဘေးကင်းအောင် ကာကွယ် နေထိုင်ခြင်းပါပဲ။

တစ်ကယ်လို့ ကိုယ့်အိမ်မှာ ကိုယ်နေတဲ့ နေရာက အပူချိန်မြင့်တဲ့နေရာဖြစ်နေရင် အထူးသဖြင့် ညဘက်တွေမှာ အေးနေလေ့ရှိတဲ့အခန်းကို ပြောင်းရွှေ့ရပါမယ်။

ကိုယ့်အိမ်ရဲ့ ဘယ်နေရာမှာမှ အပူရှောင် လို့မရနိုင်ဘူးဆိုရင် လေအေးပေးစက်ဖွင့် ပေးထားတဲ့ အများနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ၂ နာရီမှ ၃ နာရီခန့်ကြာအောင် သွားနေပါ။  ဒီမှာဆိုရင်တော့  ဈေးဝယ် စင်တာလို နေရာမျိုးတွေပေါ့။

နေ့အပူချိန်မြင့်မားလွန်းတဲ့ အချိန်တွေမှာ အပြင်တွေကို သွားတာလာတာ ရှောင်ရှားပါ။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားကို မလုပ်ပါနဲ့။ မဖြစ်မနေလုပ်ရမယ်ဆိုရင်လည်း မနက်အစောပိုင်းလိုမျိုးအေးတဲ့ အချိန်မှာသာလုပ်သင့်ပါတယ်။

အတတ်နိုင်ဆုံး အရိပ်ရတဲ့နေရာတွေ မှာနေပါ။ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေကို  ကားထဲမှာ ပိတ်ထားခဲ့မိတာမျိုး လုံးဝမဖြစ်ပါစေနဲ့။

အပူချိန်မြင့်တက်နေချိန်မှာ ခန္ဓာကိုယ် ကလည်း အပူတွေကိုချွေးအဖြစ်နဲ့တတ် နိုင်သလောက် စွန့်ထုတ် ပေးနေပါတယ်။ ဒါပေမဲ့ လေထုကခြောက်သွေ့နေတဲ့အခါ  ချွေးတွေကလည်း  ကိုယ့်ရဲ့ခန္ဓာကိုယ်ကို မအေးစေနိုင်တော့ပါဘူး။

ဒီအခါမှာ အပူကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအေးစေဖို့နဲ့ ရေဓာတ်ပြည့်ဝနေစေဖို့  မဖြစ်မနေ လုပ်ဆောင်ရမှာပါ။

နေပူထဲမှာ အပြင်ကိုမဖြစ်မနေထွက်ရ မယ်ဆိုရင်လည်း  ဦးထုပ်ဆောင်းတာ၊ နေကာမျက်မှန်တပ်တာ၊ ချည်သားအင်္ကျီ  တွေကိုသာ ဝတ်ဆင်တာမျိုးတွေ လုပ်သင့်တဲ့အပြင် ရေကိုမကြာခဏသောက်တာ၊ အစာနည်းနည်းကို မကြာခဏစားတာမျိုးတွေကိုလည်း လုပ်ပေးသင့်ပါတယ်။

ဒါပေမဲ့ အရက်သောက်တာ၊ ကဖင်းဓာတ်နဲ့ သကြားဓာတ်ပါတာတွေ အလွန်အကျွံသောက်တာ၊ အသားဓာတ်မြင့်မားစွာ ပါဝင်တဲ့အစားအစာတွေကို  စားသုံး တာမျိုးတွေ မလုပ်ရပါဘူး။

တစ်ကယ်လို့များ ကိုယ်ကအားနည်း၊ နုံးချည့်၊ ရေအလွန်ဆာပြီး ခေါင်းကိုက်တာမျိုး တွေဖြစ်တယ်ဆိုရင်တော့ အရိပ်ရပြီးအေးမြ တဲ့နေရာတစ်ခုကို အရင်ဆုံးသွားကာ ရေ  ဒါမှမဟုတ် ဖျော်ရည်တစ်ခုခုကို သောက် လိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ခြေထောက်တွေ၊ လက်တွေ၊ ဗိုက်တွေမှာ ကြွက်သားနာကျင်တာတွေ ခံစားရတယ်ဆိုရင် အေးမြတဲ့နေရာတစ်ခုမှာ ချက်ချင်း အနားယူပြီး ဓာတ်ဆားရည်ကိုသောက်ပါ။ ဒီလိုမှ မသက်သာဘဲဖြစ်နေတာ ၁ နာရီလောက်ကြာသွားတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။

အထက်မှာ တင်ပြခဲ့တာတွေကတော့ အပူချိန်မြင့်တက်မှုနဲ့ ရှည်ကြာမှုကြီးမားလှ တဲ့ ဒီနေ့လို အခြေအနေမျိုးတွေမှာ လူတိုင်းအတွက် အသုံးဝင်မယ့် သိကိုသိထားသင့်တဲ့ အပူဒဏ်နဲ့ အပူကြောင့် ဖြစ်တဲ့ဝေဒနာတွေ ကနေ ကာကွယ်ဖို့အတွက် နည်းလမ်း များဖြစ်ပြီး လိုက်နာကျင့်သုံးခြင်းအားဖြင့် ကျန်းမာပြီး အသက်ရှည်စွာနေနိုင်သူများ ဖြစ်ကြပါစေခင်ဗျာ။

Ref: WHO, Phys