ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏နောက်ဆက်တွဲဆိုးကျိုးများ

 

ရာသီဥတုပြောင်းလဲခြင်းနှင့် ယင်း၏နောက်ဆက်တွဲဆိုးကျိုးများ

 

    ယနေ့ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေး အန္တရာယ် ကျရောက်မှုများကို မကြာခဏကြားနေရသည်။ မြန်မာနိုင်ငံနှင့်  အခြားနိုင်ငံများတွင် မကြာခဏ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်းများကို မကြာခဏ ကြားသိနေရသည်။  ထိုသို့ဖြစ်ရခြင်းမှာ  ရာသီဥတု ပြောင်းလဲခြင်းကြောင့်ဟု ဆိုရပေမည်။    ရာသီဥတုပြောင်းလဲမှုသည်  အာတိတ်ဒေသ ရေခဲလွှာများ အရည်ပျော်ပျောက်ဆုံး လာခြင်းကြောင့်လည်းဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့်    ကျွမ်းကျင်ပညာရှင်များက ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်ဖို့ပြင်ဆင် ထားစေလိုကြောင်း ပြောကြားသည်ကိုလည်း   သိရှိရသည်။

ကမ္ဘာကြီးပူနွေးလာမှုနှင့်ရာသီဥတုပြောင်းလဲခြင်း

   ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၏ ပထမတရားခံမှာ လူသားများပင်ဖြစ်သည်။  လူသားများသည် မိမိတို့ အတ္တကြောင့်ဖြစ်သည်။    ကမ္ဘာပေါ်ရှိလူတို့သည် ရုပ်ကြွင်းလောင်စာများကို အလွန်အမင်း သုံးစွဲလာကြသည်။ ထို့ကြောင့်  ကမ္ဘာ့လေထုထဲတွင်  ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ စုဝေးရောက်ရှိလာသည်။

ကာဗွန်ဓာတ်ငွေ့ များပြားလာခြင်းသည် ယနေ့အရှိန်အဟုန်ဖြင့် တိုးတက်နေသော စက်မှုလုပ်ငန်းများကြောင့်လည်း ဖြစ်သည်။ ထို့ပြင် ယနေ့ကမ္ဘာကြီး ပူနွေးလာခြင်းသည် ကာဗွန်ဓာတ်ငွေ့အပြင် မီသိန်းဓာတ်ငွေ့ကြောင့်လည်းဖြစ်သည်။  မီသိန်းဓာတ်ငွေ့သည်    ကာဗွန်ဓာတ်ငွေ့ထက် ဆိုးသည်ဟု သိရသည်။    ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆ ၂၀ ပိုပူသည်ဟုဆိုသည်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုနှင့် ရာသီဥတုပြောင်းလဲမှုသည်  လူတို့ကြောင့် ထွက်ပေါ်လာသော မီသိန်းဓာတ်ငွေ့  ၆၀  ရာခိုင်နှုန်းနှင့် ကာဗွန်ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းကြောင့်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများအကြား  ဆက်သွယ်ညှိနှိုင်းရေး အဖွဲ့ IPCC (Intergovernmental Panel on Climate Change) ၏အစီရင်ခံစာအရ ကမ္ဘာ့ပျမ်းမျှ အပူချိန်သည် သုည ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ သုည ဒသမ ၆ ဒီဂရီစင်တီဂရိတ်အထိ  မြင့်တက်လာခဲ့သည်ဟုဆိုသည်။  နောက်တစ်ချက် ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့်လည်း ကမ္ဘာကြီး ပူနွေးမှုဖြစ်စဉ်ကို ဖြစ်စေသည်။ ထိုအခါ ကမ္ဘာ့ရာသီဥတုသည်လည်း ပြောင်းလဲလာခဲ့သည်။

လွန်ခဲ့သော ၂၀၀၁ ခုနှစ် IPCC အစီရင်ခံစာ၌ စက်မှုလုပ်ငန်းမှ ထွက်ပေါ်လာသော   ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့်  ကမ္ဘာ့အပူရှိန် မြင့်တက်လာသည်ဟု ဆိုထားကြောင်း သိရသည်။ ဖန်လုံအိမ်ဓာတ်ငွေ့ကြောင့် နေမှကျရောက်လာသော ရောင်ခြည်တန်းများကို ကမ္ဘာ့အပြင်ဘက်သို့ ပြန်ထုတ်ပေးနိုင်ခြင်း မရှိတော့သဖြင့်  ကမ္ဘာကြီး ပူနွေးလာတော့သည်။

ယင်းဖြစ်စဉ်သည် ကမ္ဘာ့ရာသီဥတုအပေါ် သက်ရောက်မှုရှိလာသည်။ ရာသီဥတုပြောင်းလဲခြင်းသည် လူသားတို့၏ ပယောဂကြောင့်ဟု IPCC  ၏ ၂၀၁၄ အစီရင်ခံစာ၌ဖော်ပြထားသည်ဟု ဆိုသည်။   ရာသီဥတု ပြောင်းလဲခြင်းသည် ကမ္ဘာကြီးပူနွေးမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။    ကမ္ဘာကြီးပူနွေးခြင်းသည် ဖန်လုံအိမ်ဓာတ်ငွေ့၊ ကာဗွန်ဓာတ်ငွေ့အပြင် အခြားလေထုထဲရှိ ဓာတ်ငွေ့များကြောင့်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုသည်မှာ

ကမ္ဘာကြီးပူနွေး၍  ဖြစ်ပေါ်လာသော ရာသီဥတု ပြောင်းလဲခြင်းကြောင့် သဘာဝဘေး အန္တရာယ်များ ကျရောက်လာသည်။ ယင်းတို့မှာ တောမီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ မိုးကြိုးမုန်တိုင်း ကျရောက်ခြင်း၊ ဆီးနှင်းများ အလွန်အမင်းကျခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းများ ဖြစ်ပေါ်ခြင်း၊ သဘာဝဓာတ်ငွေ့ ယိုစိမ့်မှုများဖြစ်ပေါ်ခြင်း၊   စိုက်ပျိုးရေကို ထိခိုက်စေခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စသည်တို့သည် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များဟု ဆိုရပေမည်။ တစ်နည်းအားဖြင့် သဘာဝဘေးအန္တရာယ်ဆိုသည်မှာ လူ့ပယောဂကြောင့်မဟုတ်ဘဲ သဘာဝအလျောက်ဖြစ်ပေါ်လာသော အန္တရာယ်များပင်ဖြစ်သည်။

ရာသီဥတုပြောင်းလဲခြင်း၏ဆိုးကျိုးများ

    ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်ကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး ခံစားနေကြရသည်။ စာရေးသူတို့နိုင်ငံမှာပင်    ရေကြီးရေလျှံမှုများ မကြာခဏဖြစ်လေ့ရှိသည်။  ထို့ပြင်၂၀၂၃ ခုနှစ် သြဂုတ်လကလည်း မိုးအလွန်ရွာသွန်းကာ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့ ရေကြီးရေလျှံဖြစ်ပြီး ဒေသခံ ၁၀၀၀၀ ခန့်ရေဘေးသင့်ခဲ့ရသည်ဟု သိရသည်။

စာရေးသူတို့နိုင်ငံမှာလည်း ရာသီဥတုပြောင်းလဲခြင်း၏  ဒဏ်ကိုအသက်ပေါင်းများစွာ ရင်း၍ပေးဆပ်လိုက်ရသည့် အတိတ်ဆိုးရှိခဲ့သည်။ ယင်းကား ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ကျရောက်ခဲ့သော နာဂစ်မုန်တိုင်းပင်ဖြစ်သည်။ လူ၊ အိမ်ခြံမြေနှင့် လယ်ဧကပေါင်းများစွာ  ဆုံးရှုံးပျက်စီးခဲ့ရသည်။  ထို့ပြင် ၂၀၂၃ ခုနှစ်က  ရခိုင်ပြည်နယ်တွင်  ဖြစ်ပွားခဲ့သောမုန်တိုင်းကြောင့်လည်း ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့သည်။ လွန်ခဲ့သော ၂၀၁၈ ခုနှစ် ဇူလိုင်လနှင့်သြဂုတ်လတို့မှာလည်း   ရာသီဥတုဖောက်ပြန် ပြောင်းလဲခြင်းကြောင့် ဥပရာပနိုင်ငံများတွင် စံချိန်တင် အပူလွန်ကဲမှုများဖြစ်ပေါ်ပြီး တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့သည်။ မိုးခေါင်ခြင်းကြောင့်လည်း ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲခြင်းကြောင့် ကောက်ပဲသီးနှံ ဖြစ်ထွန်းမှုနည်းပါးသည်။

ရေငတ်ခြင်းတစ်မျိုးတည်းကြောင့် မဟုတ်ပါ။ သစ်ပင်အများစုသည်     ကမ္ဘာမြေအတွက် လိုအပ်သော အောက်ဆီဂျင် ၂၀ ရာခိုင်နှုန်းနှင့် ပင်လယ်ရေအောက်ရှိ ရေညှိရေမှော်ပင်များက အောက်ဆီဂျင် ၇၀ ရာခိုင်နှုန်းကို ထုတ်ပေးသည်။   ရာသီဥတုပြောင်းလဲခြင်း ဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်လာပြီး ကမ္ဘာမြေ စိုထိုင်းဆပြောင်းလဲကာ     မြေကြီးထဲရှိဒြပ်စင် အမျိုးအစားပြောင်းလဲမှုများ    ဖြစ်ပေါ်လာသည်။

ထိုဖြစ်စဉ်ကြောင့် အပင်များရှင်သန်မှု နှေးကွေးလာပြီး   အပင်များ ကြုံလှီလာတော့သည်။ ထို့ပြင်အောက်ဆီဂျင် ထုတ်လွှတ်မှုလည်း လျော့နည်းလာသည်။ အောက်ဆီဂျင် လျော့နည်းလာခြင်းသည် လူသားတို့အတွက်   အန္တရာယ်ဟုပင် ဆိုရပေမည်။

ထို့ကြောင့်လည်း  ဗြိတိန်ဝန်ကြီးချုပ်  ဒေးဗစ်ကင်မရွန်းက ရာသီဥတုပြောင်းလဲမှုသည် လူသားများအတွက် အဆိုးဆုံးအန္တရာယ်ဟု  ပြောကြားခဲ့သည်။ စာရေးသူတို့ နိုင်ငံမှာလည်း   ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ၂၀၁၀  ပြည့်နှစ်လောက်ကလည်း အမြင့်ဆုံးအပူချိန် ၄၇ ဒီဂရီဆဲစီးယပ်အထိ ရှိခဲ့သလို ယခု ၂၀၂၃ ခုနှစ်မှာလည်း အပူချိန် ၄၂ ဒီဂရီအထိရှိခဲ့သည်။ စာရေးသူတို့နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုကို ဆိုးဆိုးဝါးဝါး ခံစားနေရသည့်  နိုင်ငံဟုလည်းဆိုသည်။ တချို့ပညာရှင်များက မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုသည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၅၀ ပြည့်နှစ် ကာလတို့တွင် သိသိသာသာ ရှိလာလိမ့်မည်ဟု ဆိုကြသည်။ ကမ်းရိုးတန်းဒေသများ၏ ပင်လယ်ရေမျက်နှာပြင်သည်လည်း မီတာ ၂၀ မှ ၄၁ မီတာအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။   အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာလည်း   အပူလှိုင်းဖြစ်ပေါ်ခဲ့သည့်အတွက် အပူချိန်  ၅၀   ဒီဂရီစင်တီဂရိတ်အထိ  ဖြစ်ခဲ့သည့်အတွက် လူအများအပြား သေဆုံးခဲ့ရသည်ဟု သိရသည်။

ရာသီဥတုပြောင်းလဲမှု၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် တချို့နေရာများမှာ ရေကြီးခြင်း၊ မုန်တိုင်းဖြစ်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူလွန်းခြင်း၊ အအေးလွန်ကဲခြင်း မိုးရွာသွန်းမှု နည်းပါးခြင်းတို့ဖြင့်  ကြုံတွေ့လာကြရသည်။ ရေရှားခြင်းကြောင့် စိုက်ပျိုးရေးကို ထိခိုက်စေသဖြင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးကိုပါ  ထိခိုက်စေနိုင်သည်။ ဤကားရာသီဥတု ပြောင်းလဲလာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများပင်ဖြစ်သည်။

ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့လို

    ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏    အဓိကအစသည်  ကာဗွန်ဓာတ်ငွေ့၊  မီသိန်းဓာတ်ငွေ့၊ ဖန်လုံအိမ်ဓာတ်ငွေ့စသည်ဖြင့်  ဓာတ်ငွေ့ပေါင်းများစွာကို အခြေခံဖြစ်ပေါ်လာရသည်။ ယင်းဓာတ်ငွေ့ကို စုပ်ယူနိုင်သည့် သစ်တောသစ်ပင်များကို ထိန်းသိမ်းဖို့လိုသည်။ ယင်းဓာတ်ငွေ့ ထွက်ပေါ်စေသည့် အရာများကို လျှော့ချသုံးစွဲဖို့လည်း လိုသည်။    အမှန်စင်စစ် ရာသီဥတုပြောင်းလဲခြင်းသည်    လူသားတို့ကြောင့် ဖြစ်သည်။ သစ်တောပြုန်းတီးအောင် ပြုလုပ်ခြင်းသည် အဓိကဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးလျှင် ရာသီဥတုပြောင်းလဲလာမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လိုသလို လေထုညစ်ညမ်းစေသည့်  အကြောင်းရင်းများကိုလည်း ရှောင်ကြဉ်ကြဖို့လိုကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။     ။

ကိုကျော်စွာ(ကျိုက်ပိ)