အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

အစ်ကိုတွေ ဝိုင်းအော်ကြသည်။ နောက်ဆုံးတော့လည်း သည်အစ်ကိုတွေလက်ထဲမှာ အောင့်ကို မိသွားသည်။ ကြူကြူလည်း ကပျာကယာသူ့အိပ်ခန်းရှိရာ အိမ်ပေါ်ထပ်ကို ပြေးတက်ပြီး အခန်းတံခါးကို ပိတ်လိုက်သည်။ ထိုအချိန်က အောင့် တစ်ကိုယ်လုံး ရေချိုးသလို ချွေးတွေရွှဲနစ်နေပြီး မျက်နှာမှာလည်း မျက်ရည်တွေနှင့် ချွေးတွေရောပြီး စိုနေတာကိုတွေ့ရသည်။ နဖူးတွင် ဝဲကျနေသော ဆံစများသည် ချွေးနှင့်စိုပြီး ကပ်နေသည်။

“ကျွန်တော် မကျေဘူး၊ ကျွန်တော်မကျေဘူး” သာ ထပ်တလဲလဲပြောရင်း အောင်က ငိုတော့သည်။ အဖေက အောင့်ကို မျက်နှာမာရမလို၊ ပျော့ရမလို အဓိပ္ပာယ် အရှာရခက်သော မျက်နှာထားမျိုးနှင့်...

“ကိုယ့်ထက် အကြီးပဲ၊ အကြီးကို ပြန်လုပ်လို့ ဘယ်သင့်တော်မလဲ” ချော့သလို၊ မာန်သလိုလည်း ပြောသေးသည်။

“အကြီးက မတရားသဖြင့် လုပ်တာပဲ” အောင်က တစ်ခွန်းခံပက်သည်။

စိတ်ထဲက နည်းနည်းမှ မကျေနပ်။ ရင်ထဲ၌ တိတ်တိတ်တေးထားသည်။ အလုပ်အကိုင်တွေ ဘာတွေ ရလျှင် သူတို့နှင့် ဘယ်နည်းနှင့်မှ အတူမနေတော့။ အဝေးက ငွေရေးကြေးရေး ထောက်ပံ့ချင် ထောက်ပံ့ မည်။ သူတို့အားလုံးနှင့် တတ်နိုင်သမျှ ဝေးဝေးနေမည်။ ဒါစကတည်းက ရည်မှန်းထားခဲ့သည်။ ယခုတော့  သည်ညတွင်ပင်   ဝေးဝေးပြေးချင်သည်။

အခန်း(၁၉)

“အဲဒီညက ကျွန်တော်အိမ်က ထွက်လာခဲ့သေးတယ်၊ ထွက်ပြေးတာလည်း မဟုတ်ဘူး၊ အဝတ်အစား လည်း  မပါဘူး၊  မြို့အစွန်ကို လမ်းလျှောက်ရင်း ထွက်ခဲ့တာ၊   နေဝင်ပြီး  မိုးချုပ်စပြုနေပြီ၊  သူတို့ကို အကြောင်းလည်းမကြားခဲ့ဘူး၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ထင်ချင်လည်း ထင်ပါစေ၊ ငါတို့ ဆိုးလို့၊ မတရားဖိနှိပ်လို့ အောင် သေရတယ်လို့ မျက်ရည်တွေကျပြီး နောင်တတစ်ချက် ရရင် တော်ပြီလို့ စိတ်ထဲအောက်မေ့ခဲ့တာ၊ အမှန်ကတော့ ကျွန်တော် မဆင်ခြင်တာ၊ မိန်ကလေး တစ်ယောက် တည်း ညအချိန် ဘယ်လောက်ကြောက်ဖို့ကောင်းလည်း၊ အရက်မူးသမားတွေ တွေ့တာနဲ့ ကျွန်တော် လည်း ကြောက်ကြောက်နဲ့ အိမ်ဘက်ကို လှည့်ပြန်ခဲ့ရတယ်”

“အောင်အောင်လေး”

သည်လို နာမည်တပ်ပြီး ကိုလတ်က ပထမဦးဆုံးအကြိမ် ညည်းညူ လေသည်။

လေသည်   တရကြမ်းတိုက်ခတ်လာရာ   သစ်ရွက်သစ်ခက်တို့သည် လေတိုးသဖြင့် လှုပ်ခတ်နေသည်။

လျှပ်ပန်းတွေသည် ဝင်းခနဲ လက်ခနဲ ပြိုးပြက်နေ၏။

“အဲဒီတုန်းကလည်း လျှပ်စီးတွေလက်နေတယ်၊ ကျွန်တော်လှည့်ပြန်ခါနီးတော့ သင်္ချိုင်းကုန်း နေရာတောင်ရောက်နေပြီ၊ ကျွန်တော်တစ်လမ်းလုံး အော်ငိုလာတဲ့အသံလည်း  ရုတ်တရက် တိတ်သွား တယ်၊ ရှေ့မှာလည်း အရက်မူးသမားသုံးယောက်  ဒယီးဒယိုင်နဲ့  လာနေကြတယ်၊   စိတ်ထဲအားလည်း  အားငယ်လာတယ်၊ တစ်ခါမှ မကြောက်ဖူးတာ ကြောက်သလိုဖြစ်လာတယ်၊ ကျွန်တော်တရကြမ်း ပြန်ပြေးတာပဲ၊ အဲဒီတော့  မိုးတွေကလည်း ရွာလာတယ်၊ ကျွန်တော့်ရှေ့မှာ မီးတုတ်တွေနဲ့ ကျွန်တော့်ကို လိုက်ရှာကြတာ တွေ့ရတယ်။

“လေတဝုန်းဝုန်းတိုက်တဲ့ ကြားထဲမှာ “အောင်ရေ...အောင်” လို့ အော်ခေါ်သံတွေ ကြားနေရတယ်။ ဖေဖေ့ အသံရော၊ ကျွန်တော့်အစ်ကို တွေအသံရော၊ ကားမောင်းတဲ့ကိုအေးရဲ့ အသံတွေရော၊ ဖားသားကြီး ရုံးကလူတွေအသံရော ကြားနေရတယ်။ သူတို့လည်း  ကျွန်တော်နဲ့ တဖြည်းဖြည်းနီးလာတော့ ကျွန်တော် ဝမ်းနည်းလိုက်တာ စကားမပြော နိုင်ဘူး၊ မျက်ရည်တွေကျလာပြီး ငိုင်ကြည့်နေတယ်၊ ကျွန်တော်ဒူး တွေက အလိုလို ညွတ်လာတယ်၊ ကျွန်တော့်ကို ဆီးပြီးပွေ့လိုက်တဲ့ အစ်ကိုကြီးရဲ့ လက်ထဲပျော့ခွေလဲ ကျသွားတယ်၊ အဲဒီတုန်းက ကျွန်တော်... ကျွန်တော် သိပ်ဝမ်းနည်းတာပဲ”

အောင်သည် ပြောပြောဆိုဆို အသံက တိတ်သွားတော့သည်။ စကား မဆက်တော့။ ခေါင်းကို ဆံပင်နှင့် ဖုံးကွယ်ရင်းငုံ့ထားလျက် မျက်လွှာချကာ မျက်လုံးများက မြေကြီးပေါ်သာ စိုက်ကြည့်နေသည်။  မျက်ရည်ပေါက်တွေက ဖျတ်ခနဲ ကျဆင်းလာလျက် မြေပြင်ပေါ်သို့ ကျလာလေသည်။ ကိုလတ်သည်  အောင့်မျက်နှာကို ဖျတ်ခနဲ လှမ်းငုံ့ကြည့်လိုက်ရင်း...

“ပြီးတာတွေလည်း ပြီးခဲ့ပြီပဲ၊ ခုထိ ဝမ်းနည်းနေတုန်းပဲလား”

ဆက်လက်ဖော်ပြပါမည်။