တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၇) သီဟတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ

 

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၇) သီဟတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊  ၂၀၂၄၊ ဧပြီ  - ၃

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၇) သီဟတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်း၊ ကျောင်းဆင်းဗိုလ်လောင်းများ၊ ၎င်းတို့၏မိဘဆွေမျိုးများနှင့်နည်းပြများ  တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် ကျောင်းအုပ်ကြီးတို့က စင်မြင့်တွင်နေရာယူကြသည်။ ဆက်လက်ပြီး စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်းဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ကို ၁၉၄၆ ခုနှစ်တွင် ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်( ၁ မှ ၁၆ )အထိ လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦးလွင်မြို့မှ ဗထူးတပ်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၇ မှ ၂၈) အထိ လည်း ကောင်း၊ ၁၉၆၃ ခုနှစ်တွင် ဗထူးတပ်မြို့မှ မှော်ဘီမြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၂၉ မှ ၈၂) အထိ လည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့ ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၈၃ မှ ယနေ့)အထိ ဗိုလ်လောင်း များအား လေ့ကျင့်သင်ကြားပေးလျက်ရှိကာ အရာရှိများစွာ မွေးထုတ်ပေးလျက်ရှိသည်။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)မှ ကျောင်းဆင်းအရာရှိများ အနက် အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၁ ဦး၊ သီဟသူရဘွဲ့ရရှိသူ ၁ဝ ဦး၊ သူရဘွဲ့ရရှိသူ ၉၄ ဦး၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်ချီးမြှင့်ခံရသူ ၄၁၁ ဦး အထိရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။