အောင်ရဲ့အောင်
ယမန်နေ့မှအဆက်
အောင်သည် ခေါင်းကို ခါယမ်းလျက် ရယ်လိုက်သည်။ ရယ်ရင်း မျက်ရည်တွေ ကျလာကာ...
ဒါကြောင့်မို့ ဒီအကြောင်းတွေကို ကျွန်တော်ဘယ်တော့မှ ပြန်မစဉ်းစားဘူး၊ စဉ်းစားမိတိုင်း စိတ်မကောင်းလို့။ တကယ်ဒုက္ခရောက်နေကြတဲ့ လူတွေထက်စာရင် ဒီဒုက္ခလေးဟာ အသေးအဖွဲလေးပါ၊ လေမုန်တိုင်း တိုက်နေတဲ့ကြားထဲမှာ လေညင်းလေး အတိုက်ခံရတာလောက်နဲ့ ငိုကြွေးစရာမဟုတ်တာ ကျွန်တော်သိခဲ့ပါတယ် ကိုလတ်ရယ်၊ ဒါပေမဲ့ ကျွန်တော်က သိပ်အစွဲအလမ်းကြီးတယ်၊ ဒီလို အစွဲအလမ်း ကြီးတာကြောင့် ကျွန်တော့်ရင်ထဲက နှလုံးသားမှာ ဒဏ်ရာခဏခဏဖြစ်တယ်၊ ဘဝကို ခဏခဏနာကြည်းတယ်
ဘဝကိုတော့ မနာကြည်းပါနဲ့ အောင်၊ ဘဝဟာ နာကြည်းစရာမဟုတ်ပါဘူး၊ ကိုယ်တို့တွေဟာ အခက်အခဲတွေကို အများကြီးပဲ တွေ့ကြရဦးမှာပဲ၊ အောင် ငယ်ငယ်တုန်းက ကလေးဘဝကတွေ့ခဲ့တဲ့ အခက်အခဲတွေဟာ အသေးအမွှားလေးတွေပါ၊ လူ့ဘဝမှာ အောင်မြင်ဖို့အတွက် တကယ်အခက်အခဲတွေ ရှိတယ်။ ဒီတော့ အောင်မြင်ချက်ကို ကိုယ်တို့မြင်ကြရမယ်၊ ထွန်းပြောင်တဲ့ ရှေ့ရေးကိုမြင်ကြရမယ်၊ ပြီးတော့ ရဲစိတ်ရဲမာန်ကို မြှင့်တင်ကြရမယ်လို့ အဆိုတစ်ရပ်ရှိတယ် မဟုတ်လား
သည်တော့ အောင်သည် ခေါင်းတစ်ချက်ညိတ်ပြ ကာ အတွေးတစ်ခုဖျတ်ခနဲဝင်သွားရင်း ငေးသွားလေ သည်။ ဗုဒ္ဓဒိုင်ယာရီထဲမှ စာတချို့ကိုအမှတ်တရရှိနေ ပြန်သည်။
အကြင်ပုဂ္ဂိုလ်သည် မိမိ၏ဘဝ၌ လေးဖက်လေးတန်တွင် အခက်အခဲများ၊ အနှောင့်အယှက်များ၊ အဖျက်အဆီးများ၊ အဆင်မပြေမှုများ ဝန်းရံနေသော် လည်း တစ်ဆံခြည်မျှ စိတ်ပျက်အားလျော့ခြင်းမရှိ။ ထိုပုဂ္ဂိုလ်မျိုးသည်သာလျှင် ဗုဒ္ဓ၏စိတ်နေစိတ်ထားကို အမှန်အတိုင်းသိရှိနားလည်နိုင်၍ ပြောင်မြောက်စွာ ချေမှုန်းရေးပြနိုင်စွမ်းရှိပေလိမ့်မည်တဲ့။
စင်စစ်တော့ နှစ်ယောက်စလုံး အတွေးကိုယ်စီနှင့် နှုတ်ဆိတ်နေမိလျက်သားဖြစ်နေသည်။
ရောက်ခါနီးကျမှ မိုးတွေတဝေါဝေါသွန်ချလာသဖြင့် ထီးမပါလာသော သူတို့နှစ်ယောက်စလုံး ရွှဲရွှဲစိုကုန် သည်။
အချိန်မရှိတော့သဖြင့် မိုးလည်း ခိုခွင့်မရကြတော့။
ကိုလတ်က ရယ်ရယ်မောမောနှင့် ...
ဒါလည်း သဘာဝကပေးတဲ့ အခက်အခဲတစ်ခုပေါ့
ဒါပေမဲ့ ကျွန်တော်ပျော်တယ်
မိုးရွာထဲ လမ်းလျှောက်ရတာကိုလား
ဟုတ်တယ်
ဒေဝကပြောတယ် အောင်ရဲ့၊ ရန်ကုန်မှာ မိုးရွာထဲ လမ်းလျှောက်ရတဲ့အရသာကို တခမ်းတနားဝတ္ထုတွေ ထဲ၊ ကဗျာတွေထဲ ဖွဲ့တာတွေ့ရတယ်တဲ့။ လူငယ်တွေ ကလည်း ဒါကို စိတ်ကူးယဉ်ပြီး၊ အရသာခံပြီး ရေးကြီး ခွင့်ကျယ်ပြောကြတာတဲ့၊ သူတို့တောမှာတော့ မိုးရွာ ထဲလမ်းလျှောက်တာ ဘာမှမဆန်းဘူးတဲ့၊ ဒါထူးဆန်း တဲ့ကိစ္စလည်းမဟုတ်ဘူး၊ စိတ်ကူးယဉ်စရာလည်း မဟုတ်ဘူးတဲ့၊ တောင်သူလယ်သမားတွေ၊ လယ်သူမ တွေဟာ တစ်နှစ်ပတ်လုံး မိုးရွာထဲ လယ်ကွင်းထဲဆင်း ပြီး အလုပ်လုပ်နေကြတာပဲ၊ ဘယ်လယ်သမား ထီး ဆောင်းတာ တွေ့ဖူးလို့လဲတဲ့
ဟုတ်သားပဲနော်
အောင်သည် ကလေးငယ်ပမာ လွတ်လပ်ပေါ့ပါးစွာ ရယ်မိပြန်သည်။
အောင့်တစ်ကိုယ်လုံးမှာ ရွဲှနစ်နေပြီး အောင့်နှုတ်ခမ်းတို့သည် ပြာစပြုလာပြီ။
ကိုလတ်သည် အောင့်မျက်နှာကို သေသေချာချာ စိုက်ကြည့်ပြီး...
အဆောင်မှာ ကော်ဖီဖြစ်ဖြစ်၊ လက်ဖက်ရည် ကြမ်းဖြစ်ဖြစ် ပူပူသောက်လိုက်ဦး၊ အနွေးထည်လည်း ဝတ်ထား၊ ညကျစောင်ခြုံအိပ်နော်
နှမငယ်တစ်ယောက်လို စိတ်ပူပန်နေသော ကိုလတ်၏မျက်နှာကို အောင်ကလှမ်းကြည့်ပြီး ကလေးပမာ ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
အဆောင်ဂိတ်တံခါးဝသည် စေ့ရုံသာစေ့ထားသဖြင့် အောင်သည် အသာတွန်းဖွင့်လိုက်သည်။
နောက်ကို မိုးချုပ်ရင် အောင့်ကို လမ်းလျှောက် မခေါ်တော့ဘူးနော်၊ မကောင်းဘူး
ဝါးရုံရိပ်မှ အတွဲသုံးလေးတွဲကို နှစ်ယောက်စလုံး သိသာစွာမျက်နှာလွှဲထားကြသည်။
ဟုတ်...ဟုတ်ကဲ့
သတိထားလျက်က စကားထစ်အသွားသည်။ ရင်ထဲ၌ လှုပ်ရှားသွားလျက် ကြိုးစား၍ ရယ်လိုက်
သည်။ ထို့နောက် ကိုလတ်အား...
ကျွန်တော် သွားမယ်နော်
ကပျာကယာ မိုးရေထဲပြေးထွက်သွားသည်။ အဆောင်အခန်းဝလှေကားကို မတက်ခင် ကိုလတ်ကို လှည့်ကြည့်တော့ ကိုလတ်၏ ကျောပြင်ကိုသာ မြင်တွေ့ ရတော့သည်။ လျှပ်ရောင်ဝင်းပြက်သော အလင်း ရောင်တွင် ကိုလတ်၏ ရှည်သွယ်သောခန္ဓာကိုယ်ကို လှမ်းမြင်နေရသည်။
ဆက်လက်ဖော်ပြပါမည်။