၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလအတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်များနှင့် ကြိုတင်သတိပြုဖွယ်ရာများ

ယခုနှစ်သည် လာနီညာနှစ်ဖြစ်၍ အချိန်အခါမဟုတ်မိုးရွာသွန်းမှု အတော်အသင့်ရှိနိုင်ကြောင်း၊ ပုံမှန်အားဖြင့်လည်း အနောက်လေများအတွင်းရှိ လေပွေလှိုင်းများဖြတ်သန်းမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသ တို့မှာ မိုးရွာနိုင်သလို မြန်မာနိုင်ငံတောင်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့မှာတော့ အရှေ့မြောက် မုတ်သုံအား ကောင်းရာမှတစ်ဆင့် အရှေ့ဘက်ကရွေ့လျားလာတတ်သောလေပွေလှိုင်းများ စသည့် မိုးလေဝသ ဖြစ်စဉ်များသည် နှစ်တိုင်းလိုလို ဒီဇင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်စေနိုင် ကြောင်းနှင့် လာနီညာရာသီဥတုဟု ခေါ်သည့် အေးပြီးစွတ်စိုသော ရာသီဥတုအခြေအနေမျိုးလည်း ရှိနေသဖြင့် အေးလာပြီး မိုးရွာနိုင်သော အခြေအနေရှိလာနိုင်ကြောင်းတို့ကို မြဝတီစာဖတ်ပရိသတ်များသိရှိနိုင်ရန် မေးမြန်း တင်ဆက် လိုက်ရပါသည်။

မေး။  ။ ပထမဆုံးအနေနဲ့   ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ မိုးလေဝသအခြေအနေများကို ပြန်လည် သုံးသပ် ပေးပါဦး ဆရာ။

ဖြေ။  ။ မုတ်သုံဆုတ်ခွာပြီး နောက်ပိုင်း မြောက်လေဝင်စပြု သော်လည်း မြောက်လေတိုက်ခတ်မှုက ပုံမှန် မရှိသေးသလို  တောင်တရုတ်ပင်လယ်ပြင်ဘက်က မုန်တိုင်း အကြွင်း အကျန်တိမ်တိုက်များနဲ့ လေပွေ လှိုင်းများကြောင့် ဆောင်းမိုးရွာသွန်းခဲ့တာ တွေဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလဆန်းလောက် အထိ မိုးလုံးဝပြတ် သွားခြင်း မရှိသေးတာကို တွေ့ရပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်ပြင်က တိုင်ဖွန်းမုန်တိုင်း  MOLAVE ရဲ့အကြွင်း အကျန်လေပွေ လှိုင်းကတော့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းကို ရောက်ရှိခဲ့ပြီး သူ့ကြောင့် နိုဝင်ဘာလ ပထမရက် သတ္တပတ်အတွင်း မိုးရွာ သွန်းမှုတွေဖြစ်ခဲ့ ပါတယ်။ ဒီဖြစ်စဉ်ပြီး နောက်ပိုင်းမှာတော့ တောင်တရုတ်ပင်လယ်ပြင်က မုန်တိုင်းတွေ ရဲ့ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များနဲ့ လေပွေလှိုင်းများ မြန်မာနိုင်ငံတောင်ပိုင်းက နေတစ်ဆင့် ကပ္ပလီ ပင်လယ်ပြင်ကို ရောက်ရှိခဲ့သော်လည်း အားမကောင်းတာရယ်၊ တိုက်ခတ်နေတဲ့ အထက်လေစီးကြောင်း များ အခြေအနေတွေကြောင့် မိုးရွာသွန်းမှု မရှိသလောက်နည်းသွားခဲ့ပြီး မိုးပြတ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း မိုးရွာသွန်းမှု ကိုကြည့်ရင် စစ်ကိုင်းတိုင်းဒေသကြီးနဲ့  ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တို့မှာ ရွာသွန်းမြဲထက်ပိုခဲ့ပြီး  မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ရွာသွန်းမြဲ ခန့်နဲ့ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊   တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ မှာရွာသွန်းမြဲအောက်လျော့နည်းခဲ့ပါတယ်။

ညအပူချိန်များအနေနဲ့ကတော့ နိုဝင် ဘာလလယ်လောက်ကတည်းက အရှေ့မြောက်မုတ်သုံအားကောင်းခဲ့တဲ့ အတွက်  ဒေသအချို့မှာ အအေးဓာတ်က စောစော စီးစီးရောက်ရှိခဲ့သော်လည်း ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ ဖြစ်ခဲ့တဲ့မုန်တိုင်းများကြောင့် ကမ်းရိုး တန်းဒေသများဖြစ်တဲ့ မြစ်ဝကျွန်းပေါ်၊ တောင်ပိုင်း ဒေသတွေမှာ  ညအပူချိန်များ သိသိသာသာပြန်လည်တိုးလာခဲ့ပြီး အအေးပေါ့သွားခဲ့ပါတယ်။

အအေးပိုခဲ့တဲ့မြို့တွေကတော့ ကြို့ပင် ကောက်မြို့နဲ့ ကလေးဝမြို့တို့မှာဖြစ်ခဲ့ပြီး စံချိန်တင်အေးခဲ့တာတွေ့ရ ပါတယ်။

မေး။  ။ ဟုတ်ကဲ့ပါဆရာ။ ဒီဇင်ဘာလမှာ မိုးရွာသွန်းမှုများလည်း  ရှိနိုင်ပါသလား ဆရာ။

ဖြေ။  ။ ဒီနှစ်က လာနီညာနှစ်လည်းဖြစ်တော့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုက အတော်အသင့်ရှိနိုင်ပါတယ်။ ပုံမှန် အားဖြင့် လည်း   အနောက်လေများအတွင်းရှိ  လေပွေလှိုင်းများဖြတ်သန်းမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသများမှာ မိုးရွာနိုင်သလို မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ မြစ်ဝကျွန်းပေါ် ဒေသများ မှာတော့ အရှေ့မြောက်မုတ်သုံ အားကောင်းရာမှတစ်ဆင့် အရှေ့ဘက်က ရွေ့လျားလာတတ်တဲ့ လေပွေလှိုင်းများ စတဲ့မိုးလေဝသဖြစ်စဉ်တွေဟာ နှစ်တိုင်း လိုလို ဒီဇင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကို ဖြစ်ပေါ်စေ ပါတယ်။ မိုးရေချိန်ပမာဏက များသော အားဖြင့် နည်းပါးလေ့ရှိတယ်။

မေး။ ။ ဟုတ်ကဲ့ပါဆရာ။ ဒီဇင်ဘာလမှာ ဖြစ်နိုင်တဲ့ ရာသီဥတုအခြေအနေများနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်များကို တင်ပြ ပေးပါဦးဆရာ။

ဖြေ။  ။ ဒီဇင်ဘာလရဲ့ရာသီဥတုအခြေ အနေများနဲ့ပတ်သက်ပြီး ခန့်မှန်းချက်များ ကတော့ မိုးရွာသွန်းနိုင်မှု အလားအလာ တနင်္သာရီတိုင်း ဒေသကြီးမှာ ရွာသွန်းမြဲ ထက်ပိုနိုင်ပြီး နေပြည်တော်၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်း ဒေသကြီး၊  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(မြောက်ပိုင်းနဲ့တောင်ပိုင်း)၊ ချင်း ပြည်နယ်နဲ့ရခိုင်ပြည်နယ် တို့မှာ ရွာသွန်း မြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာ ရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့တောင်ပိုင်း)၊ ချင်းပြည်နယ် တို့မှာ ငါးရက်မှ ရှစ်ရက်ခန့်နဲ့ နေပြည်တော်၊  စစ်ကိုင်းတိုင်းဒေသကြီး  အောက်ပိုင်း၊  မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ တစ်ရက်မှ လေးရက်ခန့် မိုးထစ်ချုန်းရွာ နိုင်ပါတယ်။

မေး။  ။ ဟုတ်ကဲ့ပါဆရာ။ ဒီဇင်ဘာလမှာရော  ပုံမှန်ထက်အအေးပိုလာနိုင်မယ့် အခြေအနေများရှိလာနိုင်ပါသလား ဆရာ။

ဖြေ။  ။ ပုံမှန်အားဖြင့် မြန်မာနိုင်ငံ တစ်ဝန်းမှာ ဒီဇင်ဘာလမှစပြီး အအေးပိုလာတဲ့အခြေအနေရှိပါတယ်။ အခုက    အားအသင့်အတင့်ရှိတဲ့ လာနီညာက လည်းရှိနေတော့   ပုံမှန်ထက် အအေးပိုဖို့ အခြေအနေကတော့ဖြစ်လာနိုင် တယ်လို့ ခန့်မှန်းပါတယ်။ သို့သော်လည်း လာနီညာ ရာသီဥတုလို့ခေါ်တဲ့အေးပြီး စွတ်စိုတဲ့ ရာသီဥတု အခြေအနေ မျိုးလည်း ရှိနေတော့ အေးလာပြီးရင် မိုးရွာနိုင်တဲ့ အခြေအနေရှိလာမယ်။ အဲဒီအခါမှာ အအေးပြန်ပေါ့ လာမယ်။ ပြီးရင် ပြန်အေးလာမယ်။ အဲဒီလို ဖြစ်နိုင်ပါတယ်။ ဆောင်းရာသီမှာ တိမ်မိုးကင်းစင်မှသာ ဆောင်းရာသီ၏အေးမြ ခြောက်သွေ့သည့် အရသာကိုခံစားရမှာဖြစ်ပါတယ်။ ဆောင်းရာသီရဲ့အဓိကလက္ခဏာ ဖြစ်ပြီး ဒီဇင်ဘာလမှာ ပိုမိုအားကောင်း လာတဲ့အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ လေအေးရပ်ဝန်း(လေဖိအားများရပ်ဝန်း)နဲ့ တရုတ်နိုင်ငံ တိဗက် ဒေသရှိ လေအေးရပ်ဝန်း (လေဖိအားများရပ်ဝန်း)မှ လေအေးများနဲ့တိုက်ရိုက်ထိတွေ့မှုရှိတဲ့ မြန်မာနိုင်ငံ အနောက် မြောက်ပိုင်း ဒေသများ၊ မြောက်ပိုင်းဒေသများ၊ အရှေ့ဘက်ကုန်းမြင့်ဒေသများမှာ ပြီးခဲ့တဲ့လထက် ပိုပြီးအေးလာ နိုင်တဲ့ အနေအထားရှိပါတယ်။

မေး။  ။ဟုတ်ကဲ့ပါဆရာ။ ဒီဇင်ဘာလ အတွင်း မုန်တိုင်းဖြစ်ပေါ်မှုအလားအလာများရယ်၊ မြန်မာနိုင်ငံအပေါ် သက်ရောက် မှုနဲ့ပတ်သက်ပြီး ဆွေးနွေးပေးပါဦး။

ဖြေ။  ။ ဒီဇင်ဘာလအတွင်း ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဲဒီ လေဖိအားနည်းရပ်ဝန်းနှစ်ခုလုံးက မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ဒီဇင်ဘာလမှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းများဟာ များသောအားဖြင့် အနောက်ဘက် (အိန္ဒိယနိုင်ငံကမ်းခြေ)ကို သာဦးတည် ရွေ့ လျားလေ့ရှိပြီး မြန်မာကမ်း ရိုးတန်းဘက်ကို ရွေ့လျားလေ့မရှိပါဘူး။

သို့သော်လည်းဒီဇင်ဘာလမှာ တိုက်ခတ်တဲ့  အထက်လေထုလွှာရဲ့ လေစီးကြောင်းတွေက  မုန်တိုင်းတိမ်တိုက် တွေကို မြန်မာနိုင်ငံ ဘက်ကိုတွန်းပို့လေ့ရှိတဲ့အတွက် မိုးရွာသွန်းမှုကတော့ နိုဝင်ဘာလမှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းများ ကြောင့် မိုးရွာသွန်းနိုင်တဲ့ အလားအလာထက် ပိုများပါတယ်။

မေး။  ။ဟုတ်ကဲ့ပါဆရာ။  မြစ်ကြီးများရဲ့ မြစ်ရေအခြေအနေက  ဘယ်လိုရှိနိုင်ပါ သလဲဆရာ။

ဖြေ။  ။ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနား မြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ တို့မှာ ၁ ပေခွဲမှ ၃ ပေခွဲခန့်၊ မြင်းမူမြို့၊  ပခုက္ကူမြို့၊  ညောင်ဦးမြို့၊  ချောက်မြို့၊  မင်းဘူးမြို့၊  မကွေးမြို့၊  အောင်လံမြို့၊  ပြည်မြို့၊  ဆိပ်သာမြို့၊  ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၄ ပေမှ ၇ ပေခန့်လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါ တယ်။

အလားတူ ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နဲ့  ဖောင်းပြင်မြို့တို့မှာ၂ ပေမှ ၄ ပေခန့်၊ မော်လိုက်မြို့၊  ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ  ၅ ပေမှ ၇ ပေခန့်လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ပါ တယ်။

မေး။  ။ ဒီဇင်ဘာလ ပထမ ၁ဝ ရက်ပတ် မှာဖြစ်လာနိုင်တဲ့ မိုးလေဝသနဲ့ဇလဗေဒ ခန့်မှန်းချက်များကိုလည်း ပြောပြပေးပါဦး။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ် ပေါ်နိုင်မှုအလားအလာ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ် အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါသည်။

မိုးအခြေအနေနှင့်မိုးရွာရက်

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး  တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊  ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက်လျော့နည်း နိုင်ကာ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်း ပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့်  ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊  တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း) နှင့်ချင်းပြည်နယ်တို့တွင် နှစ်ရက်မှသုံးရက် ခန့်နှင့်နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊  ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် တစ်ရက်ခန့်မိုးထစ်ချုန်း ရွာနိုင်ပါသည်။

ညအပူချိန်အခြေအနေ

ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့်  မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ထက် ၁ဒသမ  ၅ဒီဂရီစင်တီဂရိတ် ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊  မကွေး တိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့်  ကရင်ပြည်နယ် တို့တွင်  ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။

မြူအခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ခုနစ်ရက်မှ ကိုးရက် ခန့်နှင့်  နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊  ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့်ကရင် ပြည်နယ်တို့တွင် သုံးရက်မှငါးရက်ခန့် နံနက် ပိုင်းတွင် မြူထူများကျဆင်းနိုင်ပါသည်။

မြစ်ရေအခြေအနေ

ဧရာဝတီမြစ်ရေသည်  မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၁ ပေမှ ၁ ပေခွဲခန့်နှင့် သပိတ်ကျင်း မြို့၊  မန္တလေးမြို့၊ စစ်ကိုင်းမြို့၊  မြင်းမူမြို့၊  ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊  မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁ ပေခွဲမှ ၂ ပေခွဲခန့် လက်ရှိ ရေမှတ်များအောက် ကျဆင်းလာ နိုင်ပါသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်း မြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝ မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့ တွင်  ၁ ပေမှ ၂ ပေခွဲခန့် လက်ရှိရေမှတ် များအောက် ကျဆင်းလာနိုင်ပါသည်။

မေး။   ။ ဒီဇင်ဘာလမှာ ဖြစ်ပေါ်လာနိုင် တဲ့ မိုးလေဝသဖြစ်စဉ်များနဲ့   ပတ်သက်ပြီး မိဘပြည်သူတွေ     ကြိုတင်သတိပြု နိုင်အောင်    ဆရာ့အနေနဲ့ ဖြည့်စွက် ဆွေးနွေးစရာများရှိရင် ပြောကြားပေးပါဦး ဆရာ။

ဖြေ။   ။ ဆောင်းမှာ  အေးနေရာကနေ  တဖြည်းဖြည်း ပြန်ပြီးနွေးလာရင်သတိထား ရပါမယ်။ နွေးခြင်းကိုဖြစ် ပေါ်စေနိုင်တာက ဘင်္ဂလားပင်လယ်အော်တောင်ဘက်က လာတဲ့ ရေငွေ့ပါတဲ့လေတွေကြောင့်သော် လည်းကောင်း၊ အရှေ့ဘက်ကရွေ့လျား လာတဲ့ လေပွေလှိုင်းများကြောင့်သော် လည်းကောင်း ပင်လယ်ဘက်က ရေခိုး ရေငွေ့ပါတဲ့လေများတိုက်ခတ်မှုဟာ မြန်မာ နိုင်ငံအချို့ဒေသများကို သက်ရောက်ပြီး  နွေးသွားတာပါ။  ဒီလို နွေးသွားတာနဲ့ တစ်ဆက်တည်း သတိပြုဖို့က မိမိဒေသမှာ မိုးအနည်းငယ်ရွာနိုင်တယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။       

တောင်ဘက်က လေနွေးတိုးဝင်လာတဲ့အခါ မြောက်ဘက်က လေအေးတွေနဲ့ဆုံတွေ့ပြီး  အဲဒီဆုံတွေ့ရာဒေသ တွေမှာ အရည်ဖွဲ့ပြီး  မိုးပြန်ရွာပါတယ်။  အဲဒါဟာ ဆောင်းမိုး တစ်နည်းအားဖြင့်   ဆောင်းတွင်းမှာ  ရွာသောမိုးလို့ ပြော နိုင်ပါတယ်။ အဲဒီမိုး ကလည်း စိုက်ပျိုးရေးမှာ ထိခိုက်မှုရှိနိုင်သလို အကျိုးပြုမှုလည်း ရှိနိုင်ပါတယ်။

မိမိတို့အခြေအနေနှင့်  အသီးနှံအပေါ်  မူတည်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ကလည်း မိုးရွာနိုင်ခြေရှိတဲ့ ထူးခြားမိုးလေဝသ ဖြစ်စဉ်များရှိလာရင် ပြည်သူလူထုကို ကြိုတင်ပြင်ဆင်နိုင်အောင် မိုးရွာမည့် သတိပေးချက် ထုတ်ပြန် ပေးနေတဲ့အတွက် ကြိုတင်သိရှိနိုင်ပါတယ်။

ဒါ့အပြင် တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားများရပ်ဝန်းအားကောင်းလာပြီး မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ဒေသများ ကနေ တစ်ခါတစ်ရံမှာ တောင်ပိုင်းဒေသ တွေအထိ တိုးဝင်လာတာနဲ့ သူတိုးဝင် လာရာဒေသတွေမှာ ညအပူချိန်များ ကျဆင်းတတ်သလို မိုးရွာနိုင်တဲ့အခြေအနေ ဖြစ်ပေါ်လာတတ်ပါတယ်။ တစ်ဆက် တည်းမှာပဲ အရှေ့ဘက်မှလေပြင်းများ တိုက်ခတ်လာတတ်ပါတယ်။ ဒီအချက်ကြောင့် မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်မှာ လှိုင်းလေထန်နိုင်တာ ကြောင့် ပင်လယ်ရေကြောင်းသွားလာရေး အထူးသဖြင့် ငါးဖမ်းလှေများ အထူးဂရုပြုဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများမှာတော့ တစ်ခါတစ်ရံလေထု မငြိမ်သက်ရာမှ ဖြစ်ပေါ်လာတတ်တဲ့တိမ် များကြောင့် အအေးပေါ့သွားတတ်ပါတယ်။ ဒီရာသီကာလအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ အထက်မှ အောက်သို့ အရှိန်ပြင်းစွာ ထိုးစိုက်တိုက် ခတ်တတ်သည့် အထက်အောက် လေစီး ကြောင်းများ ဖြစ်ပေါ်တတ်ခြင်းနဲ့ နံနက် ပိုင်းနဲ့ ညနေပိုင်းအချိန်များမှာ မြူထူများ ကျဆင်းတတ်သဖြင့် အဝေးမြင်တာနည်း သွားသည့်အတွက် လေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းသွား လာရေးမှာလည်း  အထူး ဂရုပြုကြဖို့ လိုအပ်ပါတယ်။ နောက် တစ်ခုကတော့ မြစ်ကြီးများမှာ လက်ရှိ မြစ်ရေများထက် ကျဆင်း လာ နိုင်တဲ့အတွက်  မြစ်ကြောင်း သွားလာရေးမှာ ဂရုပြုရမှာ ဖြစ်ပါကြောင်း အကြံပြုလိုပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီဇင်ဘာလရဲ့ ရာသီဥတု အခြေအနေများကို အထက်မှာတင်ပြပြီးဖြစ်ပါတယ်။ ဆက်လက် ပြီး လည်း ၁ဝ ရက်ပတ်အလိုက်၊ နေ့အလိုက်ဖြစ် ပေါ်လာတဲ့ မိုးလေဝသဖြစ်စဉ်များကို စောင့်ကြည့်ပြီး အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်မှုများ၊ ထူးခြားစွာဖြစ်နိုင်တဲ့ ညအပူချိန် အခြေအနေများကို ထူးခြားမိုးလေဝသဖြစ်စဉ် အနေနဲ့ ကြိုတင်ထုတ်ပြန် ပေးသွားမှာဖြစ် ကြောင်း ပြောကြားလိုပါတယ် ခင်ဗျာ။  ။